ချင်းပြည်နယ်တွင် နေ့စားမူလတန်းပြဆရာများခေါ်ယူ

ချင်းပြည်နယ်တွင် နေ့စားမူလတန်းပြဆရာများခေါ်ယူ
by -
မဇ္စျိမ

ပညာရေးဖွံ့ဖြိုးမှုအားနည်းသော ချင်းပြည်နယ်တွင် နေ့စားမူလတန်းပြ ဆရာ၊ ဆရာမ ၁,၆၄၀ ဦးကို ခေါ်ယူ၍ အခြေခံပညာရေးမြှင့်တင်ရန် ဆောင်ရွက်နေသည်ဟု ချင်းပြည်နယ် ပညာရေးညွှန်ကြားရေးမှူး ဦးရွှေကားရ်လျံက ဇွန်လ ၁၂ ရက်တွင် မဇ္ဈိမကို ပြောသည်။

“ဘွဲ့ရ ဆရာ၊ ဆရာမတွေကို အများဆုံးခေါ်ပါတယ်။ ဆယ်တန်းအောင်တချို့လည်းပါတယ်။ အခုအင်တာဗျူး ခေါ်ပြီးသွားပါပြီ။ ဒီလအတွင်းမှာပဲ ချင်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းတွေမှာစပြီး တာဝန်ထမ်းဆောင် ရတော့ မယ်။ နေ့စားနှုန်းကိုတော့ လက်ရှိသတ်မှတ်နှုန်းအတိုင်း ပေးသွားမှာပါ”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဆရာများအတွက် နေ့စားနှုန်းမှာ တစ်ရက်လျှင် ၅၀၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

ဆက်လက်ပြီး ၎င်းက ချင်းပြည်နယ်တွင် အခြေခံပညာရေးအတွက် ဆရာ၊ဆရာမ လိုအပ်ချက်များရှိနေခြင်း၊ ကလေးများမှာ အခြေခံပညာရေးကို ကောင်းမွန်စွာ မတတ်မြောက်ခဲ့၍ ၂၀၁၃-၁၄ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွင် အောင်ချက်အနည်းဆုံးဖြစ်ရခြင်းတို့ကြောင့် ပညာရေးစနစ်ကိုမြှင့်တင်ခြင်းဖြစ်သည်ဟု ဆိုသည်။

နေ့စားဆရာဆရာမများ ခန့်ထားခြင်းဖြင့် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြစ်သော 1 plus 4 (အခြေခံပညာ မူလတန်းကျောင်း တစ်ကျောင်းစီတွင် ကျောင်းအုပ်ဆရာ တစ်ယောက်နှင့် လက်ထောက်ဆရာ လေးယောက်) အစီအစဉ်ကို အကောင်အထည်ဖော်ခြင်းဖြစ်သည်ဟုလည်း ဦးရွှေကားရ်လျံက ပြောသည်။

“ပညာရေးစနစ်အားနည်းရတဲ့ အခြားအကြောင်းက သင်ရိုးညွှန်းတမ်းတွေက မြန်မာစာဖြစ်နေတယ်။ ချင်းလူမျိုးတွေအတွက် မြန်မာစာက ဒုတိယဘာသာစကားဖြစ်နေတယ်။ ဒါ့ကြောင့်လည်းပါတယ်”ဟု ချင်းပြည်နယ်တွင် တက္ကသိုလ်ရရှိရေး ကော်မတီအတွင်းရေးမှူး ဦးယာကုတ်ထန်းက ဆိုသည်။

ချင်းပြည်နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ၃၇ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၃၃ ကျောင်း  အလယ်တန်းကျောင်း ၈၄ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၆၅ ကျောင်း၊ မူလတန်းကျောင်း ၁,၀၇၅ ကျောင်း၊ မူလတန်းကျောင်းခွဲ ၅၇ ကျောင်း၊ တွဲဖက်မူလတန်းကျောင်း ၃၇ ကျောင်းရှိပြီး မူလတန်း ကျောင်းအုပ် ၉၉၀ ဦးနှင့် မူလတန်းပြဆရာ၊ ဆရာမ ၁,၆၀၆ ဦး ရှိသည်ဟု ချင်းပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။