ဒေါ်စုကို သမ္မတ မဖြစ်စေလိုသဖြင့် အခြေခံဥပဒေမပြင်ရန် ရခိုင်တွင်ဆန္ဒပြ

ဒေါ်စုကို သမ္မတ မဖြစ်စေလိုသဖြင့် အခြေခံဥပဒေမပြင်ရန် ရခိုင်တွင်ဆန္ဒပြ
by -
မဇ္စျိမ

အခြေခံဥပဒေ ပြင်ဆင်ပါက ပုဒ်မ ၅၉(စ)လုံးကို ပြင်ဆင်မည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်မည်ကို စိုးရိမ်သဖြင့် ဆန္ဒထုတ်မှုတစ်ရပ်ကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဇွန် ၁၂ ရက်က ပြုလုပ်ခဲ့သည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲကို အာရကန် မောင်လှ(ခေါ်) ဦးအောင်သန်းနုက ဦးဆောင်ကာ လူအင်အား တစ်ထောင်ကျော်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

“အခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားနေတာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ အတွက် လိုအပ်တဲ့ ပုဒ်မတွေကို ပြင်နိုင်ဖို့ ဦးတည်နေတာဖြစ်တယ်။ သူသမ္မတ ဖြစ်ရင် ကျွန်တော်တို့ ရခိုင်ပြည်နယ် အတွက် ဆိုးကျိုးတွေပဲ ဖြစ်လာမယ်။ ဒါကြောင့် သမ္မတ ဦးသိန်းစိန်ကို ထောက်ခံတဲ့ပွဲလည်းဖြစ်ပါတယ်" ဟု အာရကန် မောင်လှကပြောသည်။

ထို ဆန္ဒထုတ်ဖော်ပွဲတွင် သမ္မတဖြစ်ခွင့်ကို ပိတ်ပင်ထားသော ပုဒ်မ ၅၉(စ)နှင့် အခြေခံဥပဒေပြင်ဆင်ရေး အတွက် အဓိက ဦးစားပေးပြင်ဆင်ရမည့် ပုဒ်မ ၄၃၆ ကို တည်ရှိရန်လိုအပ်ကြောင်း ထောက်ခံခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို စည်းကမ်းထိမ်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ အဖွဲ့နှင့် ရခိုင်လူမှုကွန်ရက် အဖွဲ့တို့က ကန့်ကွက်စာထုတ်ပြန်ခဲ့ပြီး ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင်အမျိုးသမီး ကွန်ရက်၊ ရခိုင်အမျိုးသမီးအစည်းအရုံး စသည့် ရခိုင်ပြည်နယ်ရှိ အဖွဲ့အစည်းများကလည်းထိုဆန္ဒထုတ် ဖော်ပွဲကို ထောက်ခံခြင်း မပြု ဟုဆိုသည်။

Most read this week