ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာနှင့် မိုင်ဂျာယန်ရှိ ကချင်စစ်ပြေး ဒုက္ခသည်များ အတွက် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများမှ လူသားချင်းစာနာမှု အကူအညီများ ဇွန်လ ၉ရက်က ထပ်မံပေးအပ်ခဲ့ပြီး လိုင်ဇာအနီး ဒုက္ခသည်စခန်းများကို ပြန်လည်ပြုပြင်ရန် UNHCRက လာရောက် ကြည့်ရှုခဲ့သည်ဟု KIO၏ စစ်ပြေးဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီ၏ ဒုတိယ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရော်က မဇ္စျိမကို ပြောသည်။
“လိုင်ဇာကို ရောက်တဲ့လူတွေက အလန်ဘွမ်ကျောင်းတွေလာကြည့်တယ်။ ဒုက္ခသည်စခန်းက နေအိမ်တွေ ဆောက်ပေးဖို့ လာကြည့်တယ်။ ကူညီ ထောက်ပံ့တာက အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ၊ ဆေးဝါးတွေ ကားတစ်စီးရောက်တယ်”ဟု ဗိုလ်မှူးကြီး ဇော်ရော်က ပြောသည်။
လက်ရှိ ဂျေယန်း၊ ဖုန်လွမ်ယန်၊ အမှတ် ၃ စျေး၊ ဝိုင်ကြိုင် စသည့် ဒုက္ခသည် စခန်းများမှ နေအိမ်ပေါင်း ၁,ဝဝဝ ကျော် ပြန်လည် ဆောက်လုပ်ရန် လိုအပ်နေသည်ဟု ၎င်းက ပြောဆိုသည်။
ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်အောက်တိုဘာလက မန်စီမြို့နယ်အတွင်းမှ တိုက်ပွဲများကြောင့် နမ်လင်းပါဒုက္ခသည် စခန်းမှ မိုင်းဂျာယန်အနီး ဘွမ်စစ်ပါ ဒုက္ခသည် စခန်းသို့ ပြောင်းရွှေ့လာသော ဒုက္ခသည် ၁၄ဝဝ သည်လည်း ယာယီ ရွက်ဖင်တဲဖြင့်သာ နေထိုင်နေရဆဲ ဖြစ်ပြီး ၎င်းတို့အတွက် နေအိမ်များ ဆောက်လုပ်ပေးရန် လိုအပ်နေဆဲ ဖြစ်သည်ဟု ဝုန်ပေါင်နင်ထွဲ (WPN) မှ တာဝန်ခံ ဒေါ်မေရီတောမ်က ဇွန်လ ၉ ရက်က မဇ္စျိမကို ပြောသည်။
ယင်းအပြင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်များက KIA ၏ တပ်မဟာ ၃ မိုင်ဂျာယန်ရှိ အင်ခေါင်းပါ၊ ဒုံဘွမ်၊ ပါကထောင် စသည့် ဒုက္ခသည်စခန်း ၃ ခုမှ စစ်ပြေး ဒုက္ခသည် များအတွက် ဆန်၊ ဆီ၊ ဆားနှင့် အာဟာရမှုန့် စသည့် ထောက်ပံ့ပစ္စည်းများ သယ်လာသော ကား ၁၂ စီးဖြင့် ဇွန်လ ၁ဝ ရက်ကလည်း လာရောက် ဖြန့်ဝေပေးခဲ့သေးသည်ဟု ဗိုလ်မှူးကြီး ဇော်ရော်ကပင် ပြောသည်။
မိုင်ဂျာယန်တွင် ဒုက္ခသည်စခန်း ၆ ခု ရှိပြီး ဒုက္ခသည်ကလေးများမှာ တစ်နေ့ ၂ နပ်သာ စားနေရသဖြင့် ယခုနှစ်တွင် ကလေးငယ် ၁၅ဝဝ ခန့်အတွက် နေ့လည်စာ ကျွေးနိုင်ရေးကို WPN မှ စီစဉ်နေသည်။ အသက် ၆ဝ အထက် လူကြီးနှင့် ၂ နှစ်အောက်ကလေးငယ်များ၏ အာဟာရ ဖြည့်ဆည်းပေးရန် လိုအပ်နေသည်ဟု ဆိုသည်။
လိုင်ဇာမြို့သို ့ရောက်ရှိလာသော ကုလသမဂ္ဂ ကိုယ်စားလှယ်များသည် ဇွန်လ ၁၃ ရက်တွင် မြစ်ကြီးနားမြို့သို့ ပြန်လည် ထွက်ခွာမည် ဖြစ်ပြီး မိုင်ဂျာယန်သို့ ရောက်ရှိလာသော ကိုယ်စားလှယ်များသည်လည်း ဇွန်လ ၁ဝရက်နေ့တွင် ဗန်းမော်မြို့သို့ ထွက်ခွာမည်ဟု သိရသည်။ ကချင်ဒေသသို့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ အောက်ရှိ UNHCR၊ UNICEF ၊ WFP၊ FAO၊ UNDP၊ DRC၊ CESVI စသည့် ကုလသမဂ္ဂ အဖွဲ့စည်းများမှ ကိုယ်စားလှယ် ၁ဝ ဦးကျော် လိုက်ပါခဲ့သည်။
၂ဝ၁၁ ခုနှစ် ဇွန်လမှစတင်၍ အစိုးရစစ်တပ်နှင့် KIA တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၂ဝ၁၂ ခုနှစ်အထိ ကုလမသဂ္ဂ၏ အကူအညီများကို အစိုးရဘက်မှ တားမြစ်ခဲ့သဖြင့် အကူအညီများ မရရှိခဲ့ပေ။ သို့သော်၂ဝ၁၃ ခုနှစ် စက်တင်ဘာလမှ စတင်၍ မြန်မာအစိုးရက ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများ ရရှိခဲ့ခြင်း ဖြစ်သည်။