ခွင့်ပြုချက်မယူဘဲ ဆန္ဒဖော်ထုတ်မှု(စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ-ပုဒ်မ ၁၈)၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၃၁ ဦးနှင့် ယခင်လက်ကျန် ၃၀ ဦးကို လက်ကျန်နိုင်ငံရေး အကျဉ်းသားစာရင်း၌ ပါ၀င်ခွင့်ရှိမရှိ လာမည့်တစ်ပတ်အတွင်း ဆုံးဖြတ်သွားမည်ဟု လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီအဖွဲ့ဝင် ဦးရဲအောင်က မဇ္ဈိမကို ပြောသည်။
ဇွန်လ ၁ ရက်က ပြုလုပ်ခဲ့သော ကော်မတီအစည်းအဝေးတွင် ၃၁ ဦး နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီစောင့် ရှောက်ရေးအသင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့က ဖြည့်စွက်ထည့်သွင်းလိုက်ခြင်းဖြစ်သည်။
ဦးရဲအောင်က “ခုထပ်ဖြည့်လိုက်တဲ့ နိုင်ကျဉ်းတွေက ပုဒ်မ ၁၈၊ ၅၀၅(ခ)တွေနဲ့ ဖမ်းခံရတဲ့လူတွေပါ။ အရင်ဆုံး ဒီလူတွေ ထောင်ထဲမှာရှိမရှိကို ကျွန်တော်တို့ အရင်စစ်ဆေးမှာပါ။ နောက်တစ်ပတ်မှာလုပ်မယ့် ကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချမယ်”ဟု ပြောသည်။
၂၀၁၃ ခုနှစ်နောက်ပိုင်း အငြင်းပွားဖွယ် အဆိုပါ ၆၁ ဦးသည် ကျန်ရှိနေခြင်းဖြစ်သည်။ စိစစ်မှုများအရ နိုင်ငံရေးအကျဉ်းသား ၃၅၄ ဦး လွတ်မြောက်ပြီးဖြစ်သည်။