အစိုးရ၏စစ်တပ်က ထိုးစစ်ကြောင့် တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေရသည်ဟု TNLA ဆို

အစိုးရ၏စစ်တပ်က ထိုးစစ်ကြောင့် တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေရသည်ဟု TNLA ဆို
by -
မဇ္စျိမ

ရှမ်းပြည်နယ် မြောက်ပိုင်း နမ်ခမ်းမြို့နယ်အတွင်း အစိုးရစစ်တပ်နှင့် တအာန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)တို့ ဇွန်လ ၃ရက် နံနက် ၈ နာရီ ၄ဝ မိနစ်မှ ၉ နာရီ ၁၅ မိနစ်အထိ နာရီဝက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု TNLA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ မိုင်းအိုက်ကျော်က မဇ္စျိမကို ပြောသည်။

“တိုက်ပွဲက နာရီဝက်လောက်ကြာသွားပြီ ပြင်းထန်မယ့် အခြေအနေရှိတယ်။ အဲဒီအနားတဝိုက်မှာက နမ့်စိမ့်ဘက်မှာ ကျွန်တော်တို့ တပ်တွေ နယ်မြေစိုးမိုးရေး လှုပ်ရှားသွားလာတာ ရှိတယ်။ အဲမှာ တပ်မ ၈၈က ထိုးစစ်ဆင်လာတော့ တိုက်ပွဲဖြစ်တပဘဲ”ဟု မိုင်းအိုက်ကျော်က ပြောသည်။

နမ့်ခမ်းမြို့နယ် နမ့်စိမ့်ကျေးရွာနှင့် စံကားကျေးရွာအကြား TNLA၏ တပ်ရင်း ၄၇၈ တပ်ဖွဲ့များ လှုပ်ရှားနေသော နေရာသို့ အစိုးရ၏ တပ်မ ၈၈ လက်အောက်ခံ တပ်ဖွဲ့များ လှုပ်ရှားလာသဖြင့် နှစ်ဖက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု မိုင်းအိုက်ကျော်က ဆိုသည်။

မေလ ၂ ရက်ကလည်း ကျောက်မဲမြို့နယ် ပါလိုင်ကျေးရွာအနီး ညနေ ၄ နာရီခွဲမှ ၅ နာရီချိန်အထိ တစ်ကြိမ်၊ ညပိုင်း ၉ နာရီတွင် တစ်ကြိမ် TNLA တပ်ရင်း ၅၂၇ နှင့် အစိုးရ၏ တပ်မ ရ၇ တပ်ဖွဲ့တို့ နာရီဝက်ခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်ဟု သူက ဆိုသည်။

ပြီးခဲ့သည့် ဧပြီလမှစတင်၍ တအာန်းတပ်ဖွဲ့များ လှုပ်ရှားနေသော နယ်မြေများအတွင်း အစိုးရ၏ စစ်တပ် တပ်ရင်း အမြောက်အများ ဝင်ရောက် လှုပ်ရှားလာသဖြင့် တိုက်ပွဲများ ယနေ့အထိ နေ့စဉ်ဆိုသလို ဖြစ်ပွားနေရခြင်းသည်ဟု မိုင်းအိုက်ကျော်က ပြောသည်။

“ထိုးစစ်ဆင်တာက ကြာပြီး မတ်လမှာ တပ်မ ရ၇ ဝင်လာတယ်။ သင်္ကြန်ပြီးနောက်ပိုင်း ဧပြီမှာ တပ်မ ၈၈ ထပ်တက် လာတယ်။ ကျွန်တော်တို့ လှုပ်ရှားနယ်မှာပဲ အခုနောက်ပိုင်း အစိုးရစစ်တပ် တပ်ရင်းပေါင်းက ၆ဝ လောက်ရှိတယ်။ တပ်ရင်းများလာတဲ့အတွက် နည်းနည်း လှုပ်ရှားမှု ပြုလိုက်တာနဲ့ ရင်ဆိုင်တိုက်ပွဲ ဖြစ်တော့တာပဲ”ဟု ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မဇ္စျိမ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့၏ နည်းပညာအထောက် အကူပြုအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကို ဆက်သွယ်မေးမြန်းရာ “ကချင်ပြည်နယ် မှာတော့ ပဋိပက္ခ ဖြေရှင်းရေးအဖွဲ့ ဖွဲ့ပြီးတော့ အဲမှာတော့ တော်တော်လေး လျှော့သွားတဲ့သဘော ဖြစ်မှာပေါ့။ ဒါပေမဲ့ အရှေ့မြောက်မှာက တအာန်းတိုက်ပွဲတွေတော့ ရှိနိုင်မယ် ထင်တယ်။ ဘာကြောင့်လဲဆိုတော့ တအာန်းနဲ့အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးတာ တစ်ကြိမ်ပဲ ရှိပြီးတော့ နောက်ထပ် ထပ်ဆွေးနွေးထားတာ မရှိဘူး ဖြစ်နေတယ်။ ဆိုလိုတာက ငြိမ်းချမ်းရေးဆွေးနွေးထားတာ မရှိဘူး။ သူတို့ကို အခြေခံဖို့ သတ်မှတ်ထားတာ မရှိဘူးဆိုရင်တော့ တစ်နေရာမဟုတ် တစ်နေရာတော့ ရှိကောင်းရှိမှာပေါ့"ဟု ပြောသည်။

TNLA သည် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ပြီးခဲ့သည့် ၂ဝ၁၃ခုနှစ် ဇူလိုင်လ ၃၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့သော်လည်း အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု မရခဲ့ပေ။ သို့သော် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ဆောက်ရွက်ရန် ကမ်းလှမ်းခံထားရသော အဖွဲ့ဖြစ်သည်။

TNLA သည် ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF)၏ လက်အောက်ခံတပ်ဖြစ်ပြီး PSLFကို ၂၉၉၂ ခုနှစ်က စတင်တည်ထောင်ခဲ့ကာ လက်အောက်ခံတပ် TNLA ကို ၂ဝဝ၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ TNLAသည် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ မူဆယ်၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်၊ နမ့်ဆမ်၊ နမ့်ခမ်း၊ ကွတ်ခိုင်နှင့် မန်တုံမြို့နယ်များတွင် အခြေချ လှုပ််ရှားနေသော အဖွဲ့ဖြစ်သည်။