မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ ချင်းမိုင်တက္ကသိုလ်တွင် ဆွေးနွေး

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ ချင်းမိုင်တက္ကသိုလ်တွင် ဆွေးနွေး
by -
မဇ္စျိမ

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုတွင် အဓိက အခက်အခဲများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်တွင် မေလ ၃ဝ ရက်က ဆွေးနွေးခဲ့သည်။

“ပြည်ထောင်စု ငြိမ်းချမ်းရေး အခွင့်အရေးနှင့် အခက်အခက်များ”ဟူသော ခေါင်းစဉ်ဖြင့် မြန်မာငြိမ်းချမ်းရေး စင်တာ (MPC) မှ ဦးညိုအုန်းမြင့်၊ NCCTမှ အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျှန်မုန်းဆာခေါင်း၊ ဥရောပ-မြန်မာရုံး(EBO)၏ ဒါရိုက်တာ ဦးဟန်ညောင်ဝေ၊ ရှမ်းသံတော်ဆင့် အယ်ဒီတာလည်းဖြစ်၊ ငြိမ်းချမ်းရေးဆိုင်ရာ သုသေတနဌာန၏ ဒါရိုက်တာ ဦးခွန်ဆိုင်းနှင့် ကုသမဂ္ဂ၏ ငြိမ်းချမ်းရေးလုပ်ငန်းများ ပါဝင်လုပ်ဆောင်နေသူ Mr Hannes Siebert တို့က ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

mizzima02061401

အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးရေးဆိုင်ရာ ဆွေးနွေးမှုများ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အခက်အခဲများကို ဒေါက်တာ ဆလိုင်းလျှန် မုန်းဆာခေါင်းက ပြောသည်။

“ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အစိုးရ ရပ်တည်ချက်နဲ့ ကျွန်တော်တို့ ရပ်တည်ချက် မတူညီတာတွေ ကျွန်တော်ဖော်ပြတယ်။ ဘယ်ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံရေးဆိုင်ရာမူဝဒနဲ့ ပတ်သက်တဲ့အချက်နဲ့ တွေ့ဆုံ ဆွေးနွေးရေး ဖြစ်စဉ် ဒီနှစ်ခုကို အခြေခံပြီးတော့ လုပ်နေတာများတယ်။ အစိုးရက နိုင်ငံရေးမူဝါဒနဲ့ပတ်သက်လို့ သူတို့ ဖွဲ့စည်းပုံမှာ အခိုင်အလုံ ရှိနေပြီးသား ဖြစ်တယ်။ ကျွန်တော်တို့ တိုင်းရင်းသားဘက်ကတော့ အဲဒီလို စနစ်တကျ မကြာခဏလုပ်ပေမဲ့ ကျွန်တော်တို့ တင်ပြတာဟာ တရားဝင်ပုံစံ ယနေ့ထိ မရှိသေးဘူး”ဟု သူက မဇ္စျိမကို ပြောသည်။

နှစ်ပေါင်း ၁၇ နှစ်ကြာ အမျိုးသား ညီလာခံကို ကျင်းပ၍ မြန်မာအစိုးရက ၎င်းတို့ လိုလားသည့် နိုင်ငံရေးစနစ် အားလုံးကို ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အသေအချာ ပြဌာန်းထားပြီး ဖြစ်ကြောင်း သူက ဆိုသည်။

 “၆ဝနှစ် ပြဿာနာက ပြည်တွင်း စစ်ကြောင့် ဖြစ်တယ်။ သူတို့ဘက်က နိုင်ငံရေး အစဉ်အလား တခု တိုးတက်လာတယ်။ ကျွန်တော်တို့ဘက်ကလည်း နိုင်ငံရေး အစဉ်အလာ တိုးတက်လာတယ်။ အဲဒီလို မတူတဲ့ အစဉ်အလာ ၂ ခုကြား ပြန်ဆွေးနွေးတဲ့အခါ စကားလုံးတလုံး သုံးတဲ့နေရာမှာ ကျွန်တော်တို့ ဘာလိုချင်တယ်။ သူတို့ ဘာလိုချင်တယ် ဆိုတာ အချိန်ကြာတယ်။ နားလည်မှုယူရတာ ကျွန်တော်တို့ အချင်းချင်း ရှင်းပြဖို့ လိုတယ်”ဟု သူက ဆက်ပြောသည်။

ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ်ရေး ဆွေးနွေးရေးတွင် ၎င်းတို့ဘက်မှ နိုင်ငံရေးဆိုင်ရာ ရည်ရွယ်ချက်၊ မျော်လင့်ချက်နှင့် ရည်မှန်းချက်များကို အခန်း ၁ မှာ အခြေခံမူအဖြစ် ထည့်သွင်းထားမှုအပေါ် အစိုးရဘက်မှ လက်ခံသဖြင့် အလားအလာကောင်းအဖြစ် ရှုမြင်သည်ဟု ဆိုသည်။

mizzima02061402

မူလက ဖိုရမ်အဖြစ် ကျင်းပရန် စီစဉ်ခဲ့သော်လည်း ထိုင်းနိုင်ငံရေး အခြေအနေအရ အကျဉ်းချုပ်သာ ကျင်းပခြင်း ဖြစ်သည်ဟု သိရသည်။ ငြိမ်းချမ်းရေးဆိုင်ရာ သုသေတနဌာန Pyidaungsu Institute ၊ ချင်းမိုင်တက္ကသိုလ်မှ နှင့် burma’s Study Center တို့ အစီအစဉ်ဖြင့် ကျင်းပရခြင်း ဖြစ်သည်ဟု ဦးခွန်ဆိုင်းက ပြောသည်။

“ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အကြောင်းအရာတွေ အများစု သိကြတာက မီဒီယာတွေ တင်ပြချက်ပဲ သိရတာ ဖြစ်တယ်။ မီဒီယာတွေကလည်း ဘယ်လောက် ရောင်ပြန်ပြနိုင်သလဲဆိုတာ အများအားဖြင့် နားမလည် ကြဘူး။ ဒီအကြောင်းကို ရေးတဲ့ အများစုကလည်း ကိုယ်တိုင်လုပ်နေတဲ့လူတွေ မဟုတ်ဘူး။ အဲဒီတော့ ဒီတခေါက်မှာ ကိုယ်တိုင်လုပ်နေတဲ့လူတွေ လာတင်ပြတာ ကောင်းတယ်ဆိုပြီး လုပ်တာဖြစ်တယ်”ဟု သူက မဇ္စျိမကို ပြောသည်။

လာမည့် ငြိမ်းချမ်းရေး ရှေ့ဆက် ဆွေးနွေးပွဲအတွက်လည်း အထောက်အကူ ပြုမည် ဖြစ်ကြောင်း၊ ယနေ့ ဆွေးနွေးပွဲတွင် အမေရိကန်ကောင်စစ်ဝန်၊ ဂျပန်အစိုးရ ကိုယ်စားလှယ်များနှင့် လူမှု အဖွဲ့အစည်းများလည်း စိတ်ဝင်တစား ပါဝင်တက်ရောက်သဖြင့် အားရကျေနပ်ကြောင်း သူက ဆိုသည်။

Most read this week