၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂၊ပုဒ်မ ၄၃၆ ပြင်ဆင်ရန်အတွက် လူထုဆန္ဒ သဘောထားရယူပွဲပြုလုပ်ခြင်း ကို မတည်မငြိမ်ဖြစ်မည်ဟု စိုးရိမ်သူများသည် မတည်ငြိမ်အောင် လုပ်ချင်သည့်သူများဖြစ်သလားဟု ဇွန်လ ၁ရက်က လူထုလက်မှတ်ရေးထိုးပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်လိုက်သည်။
"မတည်မငြိမ် ဖြစ်မှာစိုးလို့ဆိုတာ တစ်ချို့က ပြောကြတယ်။ ကျွန်မတို့ မတည်မငြိမ်ဖြစ်အောင် လုပ်နေတာ မဟုတ်ပါဘူး။ ဒီလိုစည်းရုံးရေးတွေသွားတဲ့အခါ မတည်မငြိမ်ဖြစ်ခဲ့တာ ဘာမှမရှိဘူး။ ပြည်သူတွေကလည်း နေပူထဲမှာဆိုရင် ပြီးတဲ့အထိထိုင်တာပဲ။ ပူပူလောင်လောင်ထဲမှာ တည်တည်ငြိမ်ငြိမ် စည်းကမ်းရှိရှိနေကြပါတယ်” ဟု ၎င်းက ပြောသည်။
၎င်းက "ပြည်သူတွေမတည်ငြိမ်မှာစိုးလို့ ဆိုတာက မတည်ငြိမ်အောင်လုပ်ချင်တဲ့သူတွေက ပြောနေတာလားလို့ ကျွန်မကအဲဒီလိုမေးရမယ်” ဟု ဖြည့်စွက်ပြောသည်။
အခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုများသည် ငြိမ်းချမ်းရေးဖြစ်စဉ်များကို ထိခိုုက်စေသည်ဟု ပြောဆိုမှုအချို့နှင့် ပတ်သက်၍လည်း ၄၃၆ကို ပြင်ဆင်လိုခြင်းကို ထောက်ခံခြင်းသည် လူထု၏ ဒီမိုကရေစီအခွင့်အရေး ဖြစ်သည့်အတွက် ထောက်ခံပါက ရဲရဲတင်းတင်း လက်မှတ်ရေးထိုးရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
၎င်းက "ဒီမိုကရေစီကိုကြောက်တာဟာ လွတ်လပ်မှုကိုကြောက်တာ၊ တရားမျှတမှုကိုကြောက်တာ၊ လုံခြုံမှုကို ကြောက်တာပါ"ဟု ဆိုသည်။
ထို့ပြင် ပြည်သူက ရွေးချယ်ထားသည့် လွှတ်တော်အမတ်များအနေဖြင့် အခြေခံဥပဒေပြင်ဆင်ရာတွင် ပြည်သူ့ဆန္ဒကို မည်မျှထင်ဟပ်သည်ကို စောင့်ကြည်ရန်လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်အနေဖြင့် ပြည်သူလူထုကို ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့် ပတ်သက်ပြီး မည်သည့်အရာကိုပြင်ချင်သည်ကို တိတိကျကျ ထုတ်ပြန်ကြေငြာထားပြီးဖြစ်သည့်အတွက် သေသေချာချာ စုံစမ်းလေ့လာစေချင်သည်ဟု ဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် မလိုလားသူများနှင့် ပတ်သက်၍ ဟောပြောပွဲတွင် "ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲရေးကို မလိုလားတဲ့သူတွေရှိတယ်။ မလိုလားတဲ့သူတွေ ဘယ်လိုအကြောင်းရင်းတွေပဲပြပြ တစ်ကယ်ပြည်သူလူထုရဲ့ သြဇာလွမ်းမိုးရေးကို မလိုလားလို့ပဲပြောရမှာ။ လိုချင်တယ်ဆိုရင် ပြုပြင်ပြောင်းလဲရမယ်” ဟု ၎င်းက ပြောသည်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ဟောပြောပွဲများပြုလုပ်သည်နေရာအနီးဝန်းကျင်တွင် အဆိုပါပုဒ်မများအား မပြင်ဆင်ရန်အတွက် ဆိုင်ဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြလှုရှားမှုများလည်းရှိခဲ့သည်။
၎င်းက ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ဟောပြောပွဲတွင် ဆန့်ကျင်သူများကို "ကျွန်မတို့ရဲ့လူပ်ရှားမှုကို ဆန့်ကျင်တဲ့သူ သဘောမတူတဲ့သူတွေ ဆန့်ကျင်လို့ရပါတယ်။ သဘောမတူကြောင်း ပြောလို့ရပါတယ်။ ဒါပေမယ့် နည်းနည်း အဆင့်မြင့်မြင့်လေးတော့ ပြောကြပါလို့ ကျွန်မအနေနဲ့ တိုက်တွန်းလိုပါတယ်” ဟု ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းတို့ ပူပေါင်းဆောင်ရွက်သည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လက်မှတ်ရေးထိုးရန်အတွက် လူထုဟောပြောပွဲများကို နေပြည်တော်ကောင်စီနယ်မြေ၊ သီရိငါးမြို့နယ်တွင် မေလ ၂၇ ရက်က ပထမဆုံးအကြိမ်ပြုလုပ်ခဲ့ပြီး ဇွန်လ ၁ရက်တွင် လယ်ဝေး၊ ပျဉ်းမနားနှင့် တပ်ကုန်းမြို့များတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။