ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့နှင့် လုံခြံုရေး စစ်တပ်များအကြား ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားလျှက်ရှိပြီး မောင်တော နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်လျှက်ရှိသည်ဟု မောင်တောနယ်စပ်ကုန်စည်အသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက မဇ္ဈိမကိုပြောသည်။
မေလ ပထမပတ် အတွင်းက စတင်၍ ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး မေ ၂၈ ရက်အထိ တတိယအကြိမ်မြောက် ပစ်ခတ်မှု ဖြစ်ပွားကာ မေ ၂၉ ရက် နံနက် ပိုင်းတွင်လည်း ထပ်မံဖြစ်ပွားခဲ့သေးသည်။
“မကြာခဏ ပဋိပက္ခတွေ ဖြစ်နေတဲ့အတွက် အလုပ် လုပ်ရတာ စိတ်မလုံဘူး၊ ပြီးခဲ့တဲ့ ဧပြီလထက် ၂ဝ ရာနှုန်းကျော်လောက် ကျတယ်”ဟု ဦးအောင်မြင့်သိန်းက ဆိုသည်။
ရခိုင်ပြည်နယ် ရေထွက်ကုန် ပစ္စည်းများကို မောင်တောနယ်စပ်ကုန်သွယ်ရေး စခန်းမှ တဆင့် ဘင်္ဂလားဒေ့ရှ်သို့ အဓိက တင်ပို့ လျှက်ရှိပြီး ရခိုင်ပြည်နယ် ပဋိပက္ခများနှင့် နယ်စပ်ဒေသရှိ ပစ်ခတ်မှုများကြောင့် ကုန်သွယ်မှု ကျဆင်းလျှက်ရှိသည်ဟု ဦးအောင်မြင့်သိန်းကပြောသည်။
မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ပစ်ခတ်မှုများဖြစ်ပွားလျှက်ရှိသော နယ်စပ်ခြံစည်းရိုးတို့ အလှမ်းကွာသော်လည်း ပင်လယ်ပြင်လုံခြံုကိုမူ ဒေသခံများက စိတ်ချနိုင်ခြင်းမရှိဟု ဆိုသည်။
လက်ရှိတွင် ပုဇွန် တင်ပို့မှုမှာ ရပ်နားထားရပြီ မေလ အကုန်တွင် ပြန်ပို့ နိုင်ရန် မျှော်မှန်းထားသည်ဟု ဆိုသည်။
“ပုဇွန် ကို စစ်တွေ ဘက်ကိုတင်ရတယ်၊ မောင်တောဖက်မှာ တရားဝင်မယူတာရယ်၊ အခြားနိုင်ငံရေးကိစ္စတွေရယ်ကြောင့် ရပ်ထားရတယ်”ဟု မောင်တော မြို့နယ် ရေထွက်ပစ္စည်းလုပ်ငန်းရှင် ဦးစိုးသိန်းက ပြောသည်။
လက်ရှိတွင် ငါးခြောက်၊ ပုဇွန်ခြောက် တို့ကို အနည်း အကျဉ်းမျှသာ တင်ပို့လျှက်ရှိနေပြီး ဘင်္ဂလားဒေ့ရှ်မှ ဘိလပ်မြေ၊ ဓာတ်မြေသြဇာနှင့်၊ အဝတ်အထည်တို့ကို အဓိကတင်သွင်းလျှက်ရှိသည်ဟုဆိုသည်။