မောင်တော နယ်စပ်တွင် မေလ ၂၈ ရက် နံနက်ပိုင်းက အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ခုနှင့် ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုး မိုင်တိုင် ၅၂ အနီးတွင် တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့သည်ဟု မောင်တောနယ်စပ်ဒေသ တာဝန်ကျ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦး မဇ္ဈိမကိုပြောသည်။
အဆိုပါ ပစ်ခတ်မှုသည် ယခုလတွင်း တတိယ အကြိမ် ပစ်ခတ်မှုဖြစ်ပွားခြင်းလည်းဖြစ်ပြီး အစိုးရ၏ ထုတ်ပြန်ချက်အရ နှစ်ဖက်အဖွဲ့မှ တပ်သား ရဦး သေဆုံးခဲ့သည်။
ယခုဖြစ်စဉ်မှာ ၂၈ ရက်နံနက်ပိုင်းက ခမရ (၃၅၂) တပ်ဖွဲ့ က လှည့်ကင်းလှည့်နေစဉ် တစ်ဖက်အဖွဲ့မှ တပ်သားနှစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ တစ်ဖက်အဖွဲ့မှ တပ်သားတစ်ဦး ကျဆုံးခဲ့သည်ဟု နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။
“တစ်ဖက်အဖွဲ့က တစ်ယောက်ကျတယ်၊ သေနတ်နဲ့ကျည်ဆံတွေလည်း သိမ်းမိခဲ့တယ်၊ ဒီဘက်(စစ်တပ်) ကတော့ အထိအခိုက်မရှိပါဘူး”ဟု ၎င်းက ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားရာ တစ်ဖက်အဖွဲ့မှ တပ်သားထံမှ M 32 အမျိုးအစား သေနတ်တစ်လက်၊ ကျည်ကဒ် ၄ ခုနှင့် ကျဉ်ဆံ အတောင့် ၉ဝ သိမ်းဆည်းရရှိခဲ့ပြီး တစ်ဦးမှာ ထွက်ပြေးသွားသည်ဟု အထက်ပါ အရာရှိက ဆိုသည်။
နယ်စပ်ခြံစည်းရိုးတွင် ယခုကဲ့သို့ ပစ်ခတ်မှုများ ဖြစ်ပွားနေသော်လည်း မောင်တောမြို့ပေါ်ဒေသတွင် တည်ငြိမ်လျှက်ရှိသည်ဟု ဒေသခံများကဆိုသည်။
တပ်မတော် အနေနှင့် အဆိုပါ ဒေသတွင် အချိန်ပြည့် လုံခြံုရေးယူထားခြင်း မဟုတ်ဘဲ အချိန်ပိုင်းဖြင့် ကင်းလှည့်နေခဲ့ခြင်းဖြစ်သည်။ ရခိုင်ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ရဲတပ်သားများကို လုံခြံုရေးထားရှိခြင်းကြောင့် လုံခြံုရေး အားနည်းသည်ဟု ဒေသခံများက တောင်းဆိုကြသဖြင့် ခမရ(၃၅၂) တပ်က နေရာယူ ထားခြင်းဖြစ်သည်။
နယ်စပ်ခြံစည်းရိုးလုံမလုံခြံုမှုနှင့် ပတ်သက်၍ ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း မေလ ဒုတိယပတ်မှ စတင်ကာ မောင်တော နယ်စပ်တိုင်းရင်းသား ကျေးရွာများတွင် ပြည်သူ့စစ်ဝန်ထမ်းဟောင်းများကို စစ်တမ်းများကောက်ယူလျှက်ရှိသည်။
ရခိုင် -ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုး အနီးတွင် မေလ ၁၃ ရက်က ပထမအကြိမ် ပစ်ခတ်မှုဖြစ်ပြီး တစ်ဖက်အဖွဲ့က ခေါင်းဆောင်(၁)ဦးနဲ့ တပ်သားငယ်(၁)ဦး သေဆုံးသွားပြီး တပ်မတော်မှ ထိခိုက်ကျဆုံးမရှိခဲ့ ပြည်နယ်အစိုးရက ထုတ်ပြန်ထားသည်။
မေ ၁၇ ရက်က မိုင်တိုင် အမှတ် ၅၂ အနီးတွင် ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ပြီး မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တပ်သား လေးဦး ကျဆုံးခဲ့သည်။