နေအိမ်အား သုံးကြိမ်တိုင် အစိုးရစစ်တပ်၏ ဝင်ရောက်စစ်ဆေးခြင်း ခံရသောကြောင့် ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူတွင် နေထိုင်သည့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တပ်မှ ဗိုလ်မှူး စောအေဝမ်းက နေပြည်တော် ကာကွယ်ရေး ဝန်ကြီး ဌာနသို့ တိုင်ကြားထားသည်မှာ လဝက်နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း တစ်စုံတရာ အကြောင်းပြန်ချက် မရသေးဟု ဗိုလ်မှူး စောအေဝမ်းက မဇ္စျိမကို ပြောသည်။
“ကျွန်တော့်ကို ပြောတော့ အိမ်ကို အလည်လာမယ်လို့ ကျွန်တော့်ကို အကြောင်းကြားတယ်၊ အိမ်ကိုရောက်တော့ လူဘယ်လောက် ရှိတယ်၊ ဘာလက်နက်တွေ ရှိလဲဆိုတာ စစ်ဆေး မေးမြန်းတယ်၊ ဖြစ်ပုံက အဲနေ့က ကျွန်တော် အိမ်မှာ ရှိမနေဘူး၊ ခြံထဲ ရောက်နေတယ်” ဟု ဗိုလ်မှူး စောအေဝမ်းက ပြောသည်။
ပြီးခဲ့သည့် မေလ ၁၂ ရက် ည ရ နာရီ ၄၅မိနစ်က ခလရ ၃၂တပ်က ဒုတိယ တပ်ရင်းမှုး ဗိုလ်မှူး မျိုးမင်းသိန်း ဦးဆောင်၍ ကားနှစ်စီးဖြင့် လူအင်အား ၂ဝခန့်က လက်နက် အပြည့်အစုံဖြင့် ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့သည် ဟု ဗိုလ်မှူးစောအေဝမ်းက ဆိုသည်။
ထိုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက်တွင် ဗိုလ်မှူး စောအေဝမ်းက ခလရ ၂၃ တပ်ရင်းမှူးနှင့် သံဖြူဇရပ် - ဘုရားသုံးဆူ ကားလမ်းပေါ်ရှိ အနန်းကွင်းအထိုင် ဗျူဟာမှူးတို့ကို ဆက်သွယ်မေးမြန်းခဲ့ရာ ယင်းသို့ ရှောင်တခင် ဝင်ရောက် စစ်ဆေးမှုကို အထက်မှ ညွှန်ကြားထားခြင်း မရှိဟု ပြန်လည်ဖြေကြားခဲ့သဖြင့် သက်ဆိုင်ရာကို တိုင်ကြားခဲ့ခြင်း ဖြစ်သည်ဟု ဗိုလ်မှူး စောအေဝမ်းက ဆိုသည်။
ထိုတိုင်ကြားမှုကို မိမိတို့ အနေဖြင့် ဝင်ရောက် ကူညီ တိုင်ကြားပေးခဲ့သော်လည်း ယနေ့ အထိ အထက်မှ တုံ့ပြန်မှု တစ်စုံတရာ မရရှိသေးကြောင်း ဘုရားသုံးဆူ အခြေစိုက် တပ်မတော်မှ အမည်မဖော်လိုသည့် စစ်ဖက် အရာရှိ တဦးက ပြောသည်။
“ကျွန်တော်တို့ အနေနဲ့က နေပြည်တော် ကာကွယ်ရေး ဝန်ကြီးဌာနကို လိပ်မူပြီးတော့ အသိပေးသင့်တဲ့လူ တိုင်ကြားသင့်တဲ့ လူတွေဆီကို ကျွန်တော်တို့ တိုင်ကြားထားပါတယ်၊ တုန့်ပြန်မှုကတော့ မလာသေးဘူး ခင်ဗျ။ တပ်က အကြောင်းပြတာတော့ အဲဒီဘက်မှာ ရှိတဲ့ နယ်ခြားစောင့်တပ်က ဗိုလ်ကြီး ရဲထွဋ်တို့အိမ် သွားလည်ရင်းနဲ့ အဲဒီဘက်ကို ခဏဝင်တယ်လို့ ပြောတယ်” ဟု အထက်ပါ တပ်မတော်မှ အရာရှိက မဇ္စျိမကို ပြောသည်။
ဗိုလ်မှူး စောအေဝမ်း၏ နေအိမ်ကို ဖေဖော်ဝါရီလ ၁၁ ရက်က တစ်ကြိမ်၊ မတ်လ ၁၉ ရက်က ရှောင်တခင် ဝင်ရောက်ကာ စစ်ဆေးခဲ့ပြီး ယခု ဝင်ရောက် စစ်ဆေးမှုမှာ (၃) ကြိမ်မြောက်ဖြစ်သည်။
အဆိုပါ ဖြစ်ရပ်အား မိမိတို့ အနေဖြင့် အတတ်နိုင်ဆုံး ညှိနှိုင်း နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ဒေသဆိုင်ရာ အဆင့်ဖြင့် အဆင်မပြေခဲ့သဖြင့် နေပြည်တော်တို့ တိုင်ကြားရခြင်း ဖြစ်သည်ဟုလည်း ဘုရားသုံးဆူ အခြေစိုက် တပ်မတော်မှ အမည်မဖော်လိုသည့် စစ်ဖက် အရာရှိက ဆက်ပြောသည်။
သို့သော်လည်း အဆိုပါ ရှောင်တခင် ဝင်ရောက် စစ်ဆေးမှုမှာ လက်နက် မှောင်ခိုမှုနှင့် ဆက်စပ်သည်ဟု ယူဆရကြောင်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်နှင့် နီးစပ်သည့် အမည်မဖော်လိုသူ အခြားတပ်မတော် အရာရှိ တစ်ဦးက မဇ္စျိမကို ပြောသည်။