မွန်ပြည်နယ်အတွင်း အမျိုးသား စီမံချက် အဆင့်သတ်မှတ်၍ မူးယစ်ဆေးဝါး တားဆီးရေး၊ ပညာပေးရေးနှင့် မူးယစ်ဆေးဖြတ် ပြည်သူများအား ပြန်လည်ထူထောင်ရေးစခန်းများ ဆောက်လုပ်၍ ကိုင်တွယ်သွားရန် မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီမှ ဆုံးဖြတ်လိုက်ကြောင်း ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာဗိုန်ခိုင်က ပြောသည်။
“နည်းနိုင်သမျှ နည်းပြီး ပပျောက်သွားနိုင်အောင်အထိ၊ အစိုးရနဲ့သော်လည်းကောင်း၊ နိုင်ငံရေး ပါတီတွေ နဲ့့သော်လည်းကောင်း အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့သော်လည်းကောင်းအားလုံး ပူးပေါင်း ဆောင် ရွက် သွားမယ်” ဟု နိုင်ဟံသာဗိုန်ခိုင်က မဇ်္စျိမအား ပြောသည်။ ထိုစီမံချက်အရ မွန်ပြည်သစ်ပါတီ ထိန်းချုပ် နယ်မြေများ ဖြစ်သည့် မော်လမြိုင်ခရိုင်၊ ထားဝယ်ခရိုင်၊ သထုံခရိုင်နှင့် ဗဟိုဌာနချုပ် ၀န်းကျင်ဒေသတို့၌ ပြန်လည်ထူထောင်ရေးစခန်း တည်ဆောက် သွားရမည် ဖြစ်သည်။
လက်ရှိတွင်လည်း အဆိုပါ ခရိုင် သုံးခရိုင်နှင့် ဌာနချုပ်စခန်းတို့၌ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု သုံးစွဲမှုတို့ဖြင့် မွန်ပြည်သစ်ပါတီမှ ထိန်းသိမ်းထားသူ ၂၀၀ ၀န်းကျင်ခန့် ရှိကြောင်း နိုင်ဟံသာ ဗိုန်ခိုင်မှ ဆက်ပြေသည်။
သို့သော်လည်း မွန်ပြည်သစ် ပါတီ အနေဖြင့် အရေးယူ ကိုင်တွယ်မှုနှင့် အမှု စီရင်ချက်ချသည့် အပိုင်းများ၌ အားနည်းချက် ရှိနေသေးကြောင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် မွန်ပြည်သစ်ပါတီမှ လက်ရှိဖမ်းဆီး ထိန်းသိမ်းထားခြင်း ခံရသူတစ်ဦးဖြစ်သည့် နိုင်မင်းဇော် (အမည်လွှဲ) မှ ပြောသည်။
“ကျွန်တော့်ကို ဖမ်းဆီး ထိန်းသိမ်း ထားတာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ကတည်းက အခုထိ စီရင်ချက် မချရသေးဘူး။တစ်ဖက်မှာ ကျွန်တော့် မိသားစု စားဝတ် နေရေးအတွက် ကျွန်တော် တွေးပြီး ပူနေတယ်၊ စီရင်ချက်ချတာကို မြန်မြန် သိရလေ ကောင်းလေပဲ။ ဒါမှ မိသားစုအတွက် စီစဉ်စရာ ရှိတာကို ကျွန်တော် စီမံနိုင်မှာပေါ့” ဟု နိုင်မင်းဇော်(အမည်လွှဲ)က မဇ်္စျိမကို ပြောသည်။
သို့သော်လည်း ယခု အကောင်အထည်ဖော်နိုင်ရန်အတွက် လိုအပ်သည့် တားဆီးရေးဆိုင်ရာနှင့် အခြား လိုအပ်သည့် နည်းဥပဒေများကို ပြီးခဲ့သည့် ဧပြီလတွင် ကျင်းပခဲ့သည့် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေး၌ အတည်ပြု ပြဋ္ဌာန်းခဲ့ပြီ ဖြစ်၍ မကြာမီ စနစ်တကျ ကိုင်တွယ်သွားမည် ဖြစ်ကြောင်း နိုင်ဟံသာဗိုန်ခိုင်မှ ဆိုသည်။
၂၀၁၃ ခုနှစ်တွင်လည်း အမှု ၁၀၅ မှု၊ တရားခံ ကျား ၁၄၅ ဦး၊ မ ၂၃ ဦး၊ ဆေးခြောက် ၄.၅၁၇ ကီလို စိတ်ကြွဆေး ပြား ၂၀၇၂၄၃ ပြား၊ ဘိန်းစာရွက် ၁၆.၄၃ ဂရမ်၊ စိတ်ပြောင်းဆေးဝါး ၂၇၉ ပြား ဖမ်းဆီး ရမိထားပြီး ဖြစ်သည်။