ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေးနှင့် ရွေးကောက်ပွဲ ကျင်းပရေးကိစ္စများကြောင့် တိုင်းပြည် ဆူဆူပူပူဖြစ်မည်ကို မည်သူမှ မလိုလားကြောင်း၊ တိုင်းပြည်ဆူပူပါက မိမိတို့ တိုင်းပြည်သာ နစ်နာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သတိပေး ပြောကြားသည်။
“ဒီလိုဖြစ်ရင် ကိုယ့်ရဲ့ပြည်သူတွေပဲ ထိခိုက်နစ်နာမှာ ဖြစ်ပါတယ်။ အမှားအမှန် အဆိုးအကောင်းကို ဒီကနေ့ ဆူဆူပူပူဖြစ်နေတဲ့ နိုင်ငံတွေရဲ့သင်ခန်းစာကိုရယူပြီး ကျွန်တော်တို့နိုင်ငံမှာ အလားတူနစ်နာ ဆုံးရှုံးမှုတွေမဖြစ် အောင် နိုင်ငံကိုချစ်တဲ့ ရဟန်းရှင်လူ ပြည်သူအားလုံး ၀ုိင်းဝန်းကာကွယ်စောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မတက မန္တလေးမြို့တော်ခန်းမ၌ ပြုလုပ်သော ၂၀၁၄ ခုနှစ် စာတတ်မြောက်ရေးလှုပ်ရှားမှု ဂုဏ်ပြုပွဲတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲကျင်းပရေးတို့သည် ပြည်တွင်းရေး သာဖြစ်ပြီး ယင်းနှစ်ရပ်စလုံးအတွက် နိုင်ငံတော် အချုပ်အခြာအာဏာကို အထိအခိုက်မခံဘဲ ဥပဒေဘောင် အတွင်းကသာ လုပ်ဆောင်သွားမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထို့ပြင် တိုင်းပြည်ရှိလူငယ်များသည် တိုင်းပြည်၏အနာဂတ်နှင့် တိုင်းပြည်တာဝန်များကို တစ်နေ့တွင် မလွဲမသွေ လက်ဆင့်ကမ်းယူရမည်ဖြစ်၍ စာတတ်မြောက်ရေး အခန်းကဏ္ဍမှာ အရေးပါအရာရောက်သည့် အခြေအနေ တစ်ရပ်ဖြစ်လာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထို့အတွက် အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ဧပြီ ၁ ရက်မှ မေ ၁၅ ရက်အထိ ၄၅ ရက်အတွင်း တက္ကသိုလ်ကျောင်းများမှ ဆရာ၊ ဆရာမပေါင်း ၄၀၀ ကျော်က စာသင်သား ၄၀,၀၀၀ ကျော်အား စာတတ်မြောက်ရန် သင်ကြားပေးနိုင်ခဲ့သည်။