အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UWPC) နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်ဖက်ပူးတွဲ အပစ်အခတ် စောင့်ကြည့်ရေး အဖွဲ့များ ဖွဲ့စည်းရန် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက တိုက်တွန်း ပြောကြားလိုက်သည်။
ဝန်ကြီးက မေ ၁၃ ရက်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းတွင် ပြုလုပ်သည့် အစိုးရနှင့် ကေအိုင်အိုတို့၏ ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ပူးတွဲ အပစ်အခတ် စောင့်ကြည့်ရေး အဖွဲ့ကို အစပျိုး pilot Project အနေဖြင့် အကောင်အထည် ဖော်ရန်နှင့် အချို့ဒုက္ခသည်များ နေထိုင်ရာ ရွာများကို ဆန္ဒအလျောက် ပြန်လည် အခြေချနိုင်အောင် အစပျိုး pilot Projectများ စရန် စသည့် သဘောတူထားသည့် အချက်များကို အကောင်အထည် ဖော်နို်င်ရန် တိုက်တွန်း ပြောကြားလိုက်သည်။
ဦးအောင်မင်းက “ ဒီအစည်းအဝေးကနေပြီး နှစ်ဖက်အကြားမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခ အရှိန်အဟုန်ကို လျော့ချနိုင်ဖို့ ရည်ရွယ်ပါတယ်။ ယခင်က သဘောတူညီခဲ့တဲ့ အချက်တွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ ရည်မှန်းပါတယ်" ဟုဆိုသည်။
အစိုးရနှင့် ကေအိုင်အေကြား တိုက်ပွဲများဖြစ်ပွားခြင်းမှာ နှစ်ဖက် ယုံကြည်မှု အားနည်းခြင်းကြောင့်ဖြစ်ပြီး လက်ရှိ အခြေအနေတွင် အစိုးရနှင့် ကေအို်င်အိုတို့ကြား အပစ်အခတ် ရပ်စဲရေး လုပ်နိုင်ရန်မှာ အရေးကြီးဆုံး ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
တိုက်ပွဲများပြန်လည် ဖြစ်ပွားနေခြင်းနှင့် ပတ်သက်ပြီး ကေအိုင်အို ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်ကလည်း သဘောတူညီချက်များကို နှစ်ဦးနှစ်ဖက်က တာဝန်ယူ ထိန်းသိမ်းမှု အားနည်းသော ကြောင့်ဖြစ်သည်ဟု ဆိုသည်။
ဦးအောင်မင်း ယခုတိုက်တွန်းခဲ့သည့် ပူးတွဲအပစ်အခတ်စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရန်ကိစ္စသည်၂ဝ၁၃ခုနှစ် က တည်းက အစိုးရနှင့် ကေအိုင်အိုတို့ သဘောတူညီခဲ့သည့် အချက် ရချက်တွင် ပါဝင်ပြီးဖြစ်သော်လည်း အကောင်အထည် မဖော်နိုင်သေးခြင်းဖြစ်သည်။
၂ဝ၁၃ခုနှစ် မေလနှင့် အောက်တိုဘာလက သဘောတူညီခဲ့သည့် အချက် ရ ချက်တွင် KIO ၏ Technical Team(နည်းပညာအထောက်အကူပြု အလုပ်အဖွဲ့ရုံး) ဖွင့်လှစ်ရေး ဟူသော အချက်တချက်ကိုသာ အကောင် အထည်ဖော်နိုင်ခဲ့သည်။ ကျန်ရှိသော အချက် ၆ ချက် ဖြစ်သည့် စစ်ရှိန်လျော့ရေး၊ Joint Monitoring၊ ကချင်စစ်ပြေး ဒုက္ခသည်များ ပြည်လည်နေရာချထားရေး၊ နိုင်ငံရေးဆွေးနွေးသွားရေးဟူသော အချက်များ ဆက်လက် အကောင်အထည်ဖော်ရန်တို့ လိုအပ်နေသေးသည်။
မေလ ၁၃ရက် မြစ်ကြီးနားဆွေးနွေးပွဲတွင် စစ်တပ်ဘက်က ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်ခြင်းမရှိဘဲ ကချင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ််မှူးကြီး သန်းအောင် နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှုး ဗိုလ်ချုပ် ထွန်းထွန်းနောင်တို့သာ တက်ရောက်ကြသည်။
တပ်မတော်ဘက်က တက်ရောက်လာသူများနှင့်ပတ်သက်ပြီး ကေအိုင်အေ တပ်မဟာ ၁ မှ ဒုတိယ ဗိုလ်မှုးကြီး ဆင်းခေါက “ ကျွန်တော်တို့ အနေနဲ့ အစိုးရတက်တယ်။ တပ်မတော်က တက်တယ် ဆိုပြီးတော့မှ အဲလို မယူဆ ချင်ပါဘူး။ နိုင်ငံတော် အစိုးရဘက်က တာဝန်ပေးလိုက်တဲ့ ဆွေးနွေးရေးအဖွဲ့တွေ တက်တယ်လို့ပဲ မျှော်လင့် ပါတယ်“ ဟုဆိုသည်။
မြစ်ကြီးနား ဆွေးနွေးပွဲသို့ အစိုးရဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်ပြီး ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ ဦးခင်ရီ၊ ဦးခင်မောင်စိုး ၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် အစရှိသည့် တာဝန်ရှိသူများ၊ ကေအိုင်အိုဘက်မှ အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်၊ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် အပါအဝင် တာဝန် ရှိသူများ တက်ရောက်သည်။
အစည်းအဝေးသို့ တက်ရောက် လေ့လ့ာသူများ အဖြစ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်ရုံးမှ ကိုယ်စားလှယ် ၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် ၊ တိုင်းရင်းသား အဖွဲ့များဖြစ်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNFC)၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲဆိုင်ရာ ညှိနှိုင်း ရေးအဖွဲ့(NCCT)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ(SSPP) တို့လည်း တက်ရောက်ခဲ့သည်။