မြန်မာ့တပ်မတော်သည် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်နိုင်ရေး တပ်ရင်းတပ်ဖွဲ့များ တိုးချဲ့ရန်လိုအပ်သည့်အတွက် မြေယာများသိမ်းဆည်းခဲ့ခြင်းဖြစ်သည်ဟု ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက ထုတ်ဖော်ပြောဆိုလိုက်သည်။
ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ စံပြစိုက်ခင်း(၁၀၀) ရှိ အောင်မင်္ဂလာခန်းမတွင် မေလ ၁၁ ရက် နံနက်ပိုင်းက တိုင်းအစိုးရအဖွဲ့နှင့်အတူ ပြုလုပ်ခဲ့သည့် လယ်ယာမြေပြန်လည်ပေးအပ်ပွဲတွင် ဒု-သမ္မတက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
“အစိုးရအဆက်ဆက် မြေတွေကို အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းခဲ့တယ်။ တပ်ရင်းတပ်ဖွဲ့တွေအတွက် သိမ်းဆည်းခဲ့တာတွေ၊ တပ်တွေတိုးချဲ့တည်ဆောက်ဖို့ သိမ်းဆည်းခဲ့တယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသအတွင်းနိုင်ငံတွေက လေးစားခန့်ညားခြင်းခံရတဲ့ နိုင်ငံဖြစ်ဖို့လိုပါတယ်။ နိုင်ငံတော်ကိုကာကွယ်ဖို့၊ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့၊ ကျွန်တော်တို့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ ကျွန်တော်တို့ကို နိုင်ငံတကာက လေးစားခန့်ညားဖို့၊ ကျွန်တော်တို့ အားရှိဖို့လိုတဲ့အတွက် တပ်ရင်းတပ်ဖွဲ့တွေ တိုးချဲ့ဖို့လိုတယ်ဆိုတဲ့အတွက်ကြောင့် နိုင်ငံတော် အခြေခံကျတဲ့ လိုအပ်ချက်အရ မြေတွေကို သိမ်းဆည်းခဲ့တာ ဖြစ်တယ်” ဟု ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ဆိုသည်။
အဆိုပါ လယ်ယာမြေပြန်လည်ပေးအပ်ပွဲတွင် ဧရာဝတီတိုင်းအတွင်း ပြန်လည် စွန့်လွှတ်သည့် လယ်ယာမြေ ဧက ၃၆၄,၀၀ ကျော်အား မူလပိုင်ရှင် ၄,၀၁၇ ဦးထံ တိုင်းအစိုးရမှတစ်ဆင့် လွှဲပြောင်းပေးအပ်သည်။
မြေယာသိမ်းဆည်းမှုများတွင် လူဦးရေ တိုးမြင့်လာမှုကြောင့် မြို့ရွာများ တည်ထောင်ရန် သိမ်းဆည်းမှုများ၊ စက်မှုဇုန်များ တည်ထောင်ရန် သိမ်းဆည်းမှုများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ကုမ္ပဏီများ လုပ်ကိုင်ခွင့်အတွက် မြေသိမ်းဆည်းခဲ့ခြင်းများနှင့် ရထားလမ်းများ၊ တံတားများ တည်ဆောက်ရန် အတွက်လည်း မြေယာ သိမ်းဆည်းမှုများရှိကြောင်း ဒု-သမ္မတ ဦးဉာဏ်ထွန်းက ဆက်လက်ပြောကြားသည်။
ဧရာဝတီတိုင်းအတွင်း တောင်သူလယ်သမား ၄,၀၁၇ ဦးထံ လယ်မြေဧက ၃၆,၄၀၆ ဒသမ ၈၀ ဧက ပြန်လည်ပေးအပ်ရာတွင် တောင်သူ ၁၅၈ ဦး အတွက် လယ်မြေ ၁၀၇၆ ဒသမ ၂၂ ဧကကို ပုံစံ-၇ ထုတ်ပေးပြီး၊ ယာယီလုပ်ကိုင်ခွင့်ဖြင့် တောင်သူ ၃,၈၅၉ ဦးအတွက် လယ်မြေ ၃၅,၃၃၀ ဧကအား ပြန်လည်အပ်နှံခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီတိုင်းအတွင်း လယ်ယာမြေ ပြန်လည်အပ်နှံမှု ရ၁ ဒသမ ရ၉ ရာနှုန်းသာပြီးစီးအောင် ဆောင်ရွက်ထားနိုင်ပြီး တိုင်းအစိုးရသို့ ပြန်လည်အပ်နှံထားသော်လည်း မူလပိုင်ရှင်များထံ မရောက်သေးသည့် မြေဧက ၁၄,၀၀၀ ကျော်ကျန်ရှိသေးရာ ယင်းတို့တွင် စားကျက်မြေ၊ သစ်တောမြေ၊ ရွာမြေ၊ စက်မှုဇုန်၊ လယ်ယာစိုက်ပျိုး မရချောင်းမြောင်းတို့ ပါ၀င်နေကြောင်း မြေယာကော်မတီ စာရင်းများအရ သိရသည်။
လက်ရှိတွင် လယ်ယာမြေများ ပိုင်ရှင်ထံ ပြန်လည်ပေးအပ်ခြင်းနှင့် ပတ်သက်ပြီး ဧရာဝတီတိုင်း တိုင်းမြေစာရင်း ဦးစီးမှူး ဦးထင်ကျော်က “ယာယီလုပ်ပိုင်ခွင့်ထုတ်ပေးထားတဲ့မြေတွေက လယ်ယာမြေဥပဒေနဲ့အညီ ပုံစံ-၁ နဲ့ လျှောက်ထားရမယ်။ ပြီးရင် ပုံစံ-၂နဲ့ ကန့်ကွက်လွှာခေါ်မယ်။ ကန့်ကွက်လွှာ ခေါ်ချိန်က တစ်လတော့ ကြာမယ်၊ ရပ်ကျေး၊ မြို့နယ်၊ ပြီးရင် ခရိုင်ကနေ မြေယာကို အတည်ပြုပေးမှာပါ။ ပုံစံ ရ ချပေးလိုက်တဲ့လယ်တွေက အငြင်းပွားမှုမရှိတဲ့လယ်တွေ”ဟု ပြောသည်။
ဧရာဝတီတိုင်းအတွင်း မြေယာသိမ်းဆည်းမှုများတွင် တပ်မတော်မှ သိမ်းဆည်း မြေယာများ၊ ဌာနဆိုင်ရာများမှ သိမ်းဆည်း မြေယာများနှင့် ကုမ္ပဏီမှ စီမံကိန်းများ လုပ်ဆောင်ရန် သိမ်းဆည်းမြေယာများအဖြစ် ပါ၀င်နေသည်။ လယ်မြေသိမ်းယူမှုများအတွက် လွှတ်တော်အတွင်း ဝေဖန်မှုများ ပြင်းထန်ခဲ့ပြီးမြေသိမ်း လမ်းစဉ်အစား မြေစွန့်လမ်းစဉ်သာ ကျင့်သုံးတော့မည်ဟု ကာကွယ်ရေး ဒု-၀န်ကြီး ဗိုလ်ချုပ် ကျော်ညွန့်က ပြောဆိုထားသည်။