ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့မှ ဟိုပုံးမြို့သို့ သွားသည့် ကားလမ်းပေါ်တွင် ဧပြီလ ၂၃ရက် ညနေ ၄နာရီခွဲခန့်က ယာဉ်တိမ်းမှောက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူ၃၀ဦး ဒဏ်ရာရရှိခဲ့ပြီး အသေအပျောက်မရှိဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်လိုက်သည်။
"ကားက ဘရိတ်ပေါက်တာကို ရှေ့မှာ ထိခိုက်မိကုန်မှာ ဆိုးတဲ့အတွက် ကားကို ဘေးချပစ်တာ၊ မြေပြန့်ဘက်နား ရောက်နေလို့ ထိခိုက်ဒဏ်ရာ ရသူတွေ စိုးရိမ်စရာ မရှိပါဘူး"ဟု အမှတ် ၁၅ ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲမှူးရုံး တာဝန်ကျ ဒု-ရဲအုပ် ကြည်စိုးက မဇ္စျိမကို ပြောသည်။
ဖြစ်ပွားပုံမှာ Lifanအမျိုးအစား အပြာရောင် ယာဉ်ပေါ်တွင် အလုပ်သမားများ တင်ဆောင်ကာ တောင်ကြီးမှ လွိုင်လင်မြို့သို့ သွားရောက်ရန် ထွက်ခွာလာရာ မိုင်တိုင် အမှတ် ၁၂၃/၁ အရောက်တွင် ကားဘရိတ်ပေါက် သဖြင့် လမ်းဘေးသို့ ထိုးကျရာ တိမ်းမှောက် ခဲ့ခြင်းဖြစ်သည်ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ရုံး၏ မှတ်တမ်းတွင် ဖော်ပြထားသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အလုပ်သမား အမျိုးသား ၁၆ဦး၊ အမျိုးသမီး ၁၄ဦး ထိခိုက် ပွန်းပဲ့ ဒဏ်ရာများ ရရှိခဲ့သဖြင့် တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံကြီးတွင် ဆေးကုသလျှက်ရှိသည်ဟု အမှတ် ၁၅ ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ကျ ဒုရဲအုပ် ကြည်စိုးက ပြောသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းကို ဧပြီလ ၂၃ရက်က (ပ)၁၁/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၃၇/၃၃၈ အရ အမှုဖွင့် အရေးယူထားသည်။