သစ်ခိုးထုတ်မှုတွင် ၀န်ထမ်းများပါ၀င် ၃,၂၀၀ ဦး အလုပ်ဖြုတ် တရားစွဲဆိုခံရ

သစ်ခိုးထုတ်မှုတွင် ၀န်ထမ်းများပါ၀င် ၃,၂၀၀ ဦး အလုပ်ဖြုတ် တရားစွဲဆိုခံရ
by -
မဇ္စျိမ

မြန်မာနိုင်ငံ သစ်တောကြိုးဝိုင်းများကို ထိန်သိမ်းရန် အားနည်းသော ၀န်ထမ်းများ အပါအဝင် သစ်ခိုးထုတ် သူများနှင့် ပူပေါင်းကာ သစ်ခိုးထုတ်ခဲ့သည့် ၀န်ထမ်းများ ၁၀ နှစ်တာအတွင်း ၀န်ထမ်းဦးရေ ၃,၂၀၀ ရှိခဲ့ပြီး အရေးယူ အပြစ်ပေးခဲ့သည်ဟု နေပြည်တော်ရုံးချုပ် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်း က ပြောသည်။

၂၀၀၄ ခုနှစ် မှ ၂၀၁၃ ခုနှစ်အထိ ၁၀ နှစ်အတွင်း မြန်မာနိုင်ငံရှိ သစ်တောကြိုးဝိုင်းများ ထိန်းသိမ်းကာကွယ် ရန် အားနည်းသော ၀န်ထမ်းများကို အရေးယူခဲ့ခြင်း ဖြစ်သည်။ သစ်တော အရာရှိများ တာဝန်ထမ်းဆောင် ရသော သစ်တောများတွင် သစ်ခိုးထုတ်မှုများပြားခြင်းကိုစစ်ဆေးပြီး သစ်တောဝန်ထမ်းအရာရှိများ အလုပ် တာဝန် အားနည်းချက်များတွေ့ရှိလျှင် တာဝန်မှ ရပ်စဲခြင်းခံရသည်ဟု ဆိုသည်။

သန်လျင်မြို့မှ သီလဝါဆိပ်ကမ်းသို့ သစ်များ သယ်ဆောင်လာသည့် ယာဉ်တစ်စီးကို တွေ့ရစဉ်။ (ဓါတ်ပုံ - ဘိုဘို)

“သစ်ခိုးထုတ်မှုများတွင် ပါ၀င်ပတ်သက်မှုကို တွေ့ရှိတယ်ဆိုရင် ဥပဒေအရ တရားစွဲဆိုအရေးယူခြင်းအထိ ပြုလုပ်တယ်။ စိုက်ခင်း တည်ထောင်ခိုင်းလို့ မတည်ထောင်တာတွေ၊ သစ်တောပြုပြင်ဖို့ မလုပ်တာတွေကို လည်း အရေးယူပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

သစ်တောဝန်ထမ်းများဖြင့် သစ်တောထိန်းသိမ်းခြင်းအပြင် ပြည်သူတွေဝိုင်းဝန်း ပါ၀င်မှသာလျှင် အောင် မြင်နိုင်ပြီး သစ်တောထိန်းသိမ်းရေး ပညာပေးလုပ်ငန်းများကို လိုက်နာ ဆောင်ရွက်ပေးရန်လည်း လိုအပ် သည်ဟုလည်း ၎င်းက ထောက်ပြသည်။

သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ နှင့်ပတ်သက်ပြီး ကျောင်းများတက်ခဲ့စဉ်က လေ့လာသင်ကြားခွင့် ရခဲ့သော သစ်တောဝန်ထမ်းများအနေဖြင့် ခေတ်အဆက်ဆက် ချမှတ်ခဲ့သော အစိုးရ၏ သတ်မှတ်ထား သော ဥပဒေများ၊ နည်းဥပဒေများရှိသော်လည်း လုပ်ဆောင်မှုများအပိုင်းတွင် အားနည်းချက်များရှိနေ၍ သစ် ခိုးထုတ်မှုများ ရှိနေခြင်းဖြစ်သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအစိမ်းရောင်ကွန်ရက် အဖွဲ့ဥက္ကဋ္ဌ ဒေါ်ဒေဝီသန့်စင်က ဆိုသည်။

“သစ်တောထိန်းသိမ်းရေးတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ အရပ်ဘက် သစ်တော ပညာရှင်တွေလည်း ရှိတယ်။ နောက်ပြီး သစ်တောထိန်းသိမ်းရေး လုပ်ငန်းတွေကို NGO တွေနဲ့ သစ်တောနဲ့ ပူးပေါင်း လုပ် ဆောင်နေတာတွေလည်း ရှိတယ်။ အားလုံး ၀ိုင်းဝန်းပြီး ပူးပေါင်းလုပ်ဆောင် သွားရမှာပါ” ဟု ၎င်းက ဆို သည်။

မြန်မာနိုင်ငံတွင် လက်ရှိ သစ်တောဖုန်းလွှမ်းဧက ရ၈ သန်းရှိပြီး သစ်တောများကို ထိန်းသိမ်းရန်အတွက် ၀န်ထမ်း လိုအပ်ချက်များရှိနေပြီး သစ်တောများ ထိန်းသိမ်းရခြင်းသည် ၀န်နှင့်အား မမျှတ ဖြစ်ပေါ်လျက် ရှိ နေသည်။

၁၀ နှစ်တာကာလအတွင်း သစ်ခိုးထုတ်မှု တန်ချိန် လေးသိန်းနီးပါး ဖမ်းဆီး အရေးယူခဲ့သည်ဟုလည်း သစ် တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ဆိုသည်။

“သစ်ခိုးထုတ်မှုတွေကို ထိန်းသိမ်းဖို့ နယ်စပ်ဒေသတွေ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တွေမှာ ရဲတပ်ရင်း တွေနဲ့ သစ်တောနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ဖမ်းဆီးတာတွေ လုပ်နေပါပြီ” ဟု ပြောသည်။

Most read this week