တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် UNFC အရေးပေါ် အစည်းအဝေး ပြုလုပ်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် UNFC အရေးပေါ် အစည်းအဝေး ပြုလုပ်
by -
မဇ္စျိမ

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး နှင့်ပတ်သက်ပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC)၏ အရေးပေါ် အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဧပြီလ ၂၁ရက်တွင် ကျင်းပနေပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) အနေဖြင့် ရန်ကုန်မြို့ ဆွေးနွေးမှုများကို ပြန်လည် တင်ပြခဲ့သည်ဟု NCCT မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ဧပြီ လဆန်းပိုင်းက ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးဂေဟာ (MPC)တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် ရေး လုပ်ငန်းကော်မတီနှင့် NCCT တို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ အပေါ် UNFC အား ပြန်လည်ဆွေးနွေး တင်ပြ၍ သုံးသပ်ခြင်း ဖြစ်သည်။

“မပြတ်သေးဘူး။ မနက်ဖြန် ဆက်ရဦးမယ်။ NCCT က ဧပြီလမှာ ၅ ရက်ကနေ ၈ ရက်ထိတွေ့ရတဲ့ အတွေ့ အကြံုကို ပြန်လည် တင်ပြတာပေါ့။ အရင် လုပ်ဆောင်ပြီးတာတွေကို ပြန်လည်တင်ပြ၊ ပြန်သုံးသပ်တာ၊ နောက်နောင်မှာ NCCT ထဲ ပိုပြီးအားကောင်းအောင် ဘယ်လိုလုပ်မလဲ။ မူဝါဒရေးရာမှာ ဘာတွေကိုင် တွယ်မလဲ။ နည်းလမ်းကောင်းတွေ ရှာကြတာ”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္ဈိမကို ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်း ၁၂ ခုဖြင့် ဖွဲ့စည်းထားသော UNFC ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်နှင့် NCCT အဖွဲ့ဝင်များ အပါအဝင် ၂၁ ဦး တက်ရောက်နေသော ၎င်း အစည်းအဝေးကို ဧပြီ ၂၂ ရက်တွင်လည်း ဆက်လက် ဆွေးနွေးမည် ဖြစ်သည်။

လတ်တလောတွင် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)နှင့် အစိုးရစစ်တပ်အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေမှုနှင့် ပတ်သက်၍လည်း ဆွေးနွေးမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။ပြီး ခဲ့သည့် ဧပြီလ ၅ ရက်မှ ၈ ရက်ထိ လေးရက်ကြာ ဆွေးနွေးမှုတွင် နှစ်ဖက် အဖွဲ့အစည်းများ၏ မူကြမ်း နှစ် စောင်မှ နိဒါန်း၊ အခြေခံမူများ၊ ရည်ရွယ်ချက်၊ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အချက်အလက်များ၊ အပစ် အခတ်ရပ်စဲရေး ခိုင်မာစေရေးအချက်များ၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ အချက်အလက်များ၊ အထွေထွေ အချက်အလက်များ စသည့် အခန်း ခုနစ်ခန်းပါ ဘုံသဘောတူညီချက် တစ်စောင်အဖြစ် ရေးဆွဲနိုင်ခဲ့သည်။

အလားတူ ပြီးခဲ့သည့် မတ်လ ၉ ရက်နှင့် ၁၀ ရက်တွင် NCCT နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့၏ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးမူကြမ်းကို ရေးဆွဲသဘောတူညီ ချက်များကို UNFC က ပြန်လည် တင်ပြဆွေးနွေးနေသည်။

ယင်းဆွေးနွေးချက်များမှ နှစ်ဖက် ခေါင်းဆောင်များ၏ သဘောထားများရယူရန် လာမည့် မေလ ပထမပတ် တွင်လည်း ပြန်လည် တွေ့ဆုံဆွေးနွေးကြမည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။

UNFC နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA) တို့သည် ပြည်ပဥပဒေပညာရှင်များနှင့် ပူးပေါင်းထားသော ဖက်ဒရယ်မူ အခြေခံသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းကို ရေးဆွဲနေသည်။

Most read this week