ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရန် လမ်းလျှောက်သူများ မန္တလေးရောက်ရှိ

ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရန် လမ်းလျှောက်သူများ မန္တလေးရောက်ရှိ
by -
မဇ္စျိမ

ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေးအတွက် ရန်ကုန်မှ မြစ်ဆုံသို့ လမ်းလျှောက် ဆန္ဒဖော်ထုတ်သူများသည် မန္တလေးတိုင်း တံတားဦးမြို့က ဧပြီ ၁၉ရက် နံနက် ၄နာရီ ၃၀မိနစ်တွင် စတင်ကာ ရန်ကုန် -မန္တလေး အမြန်လမ်းမကြီးအတိုင်း ချီတက်လာရာ မန္တလေးမြို့သို့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ရောက်ရှိသည်။

အဆိုပါ လမ်းလျှောက်ဆန္ဒဖေါ်ထုတ်သူများသည် မတ်လ ၂၃ ရက်မှစတင်၍ ရန်ကုန်မြို့မှ ထွက်ခဲ့ကြခြင်း ဖြစ်ညပီး ဧပြီ ၁၂ ရက်တွင် မြင်းခြံမြို့သို့ ရောက်ရှိပြီး ၄ရက် နားခဲ့သည်။ ဧပြီလ ၁၇ ရက်တွင် မြင်းခြံမြို့မှ ဆက်လက်ထွက်ခွာခဲ့ပြီး ထိုညတွင် နဘူးအိုင်၌ ရပ်နားခဲ့သည်။ ထိုမှတဆင့် ဧပြီ ၁၈ ရက်တွင် ဆက်လက်ထွက်ခွာခဲ့ပြီး တံတားဦးမြို့သို့ ည၈နာရီ ၃၀ မိနစ်တွင် ရောက်ရှိခဲ့သည်။
 မြစ်ဆုံစီမံကိန်း အပြီးရပ်ဆိုင်းရန်အတွက် ရန်ကုန်မှ မြစ်ဆုံသို့ ချီတက်လမ်းလျှောက်သူများသည် ဧပြီ ၁၉ ရက်နံနက် ၄နာရီခွဲမှစတင်၍ တံတားဦးမြို့မှ ရန်ကုန် မန္တလေးအမြန်လမ်းမအတိုင်း ချီတက်လာရာ မန္တလေးမြို့သို့ နံနက် ၉နာရီ ၁၅ မိနစ်တွင် ရောက်ရှိခဲ့ပြီး မန္တလေးမြို့၌ တစ်ရက်ရပ်နားမည်။ (ဓာတ်ပုံ- အောင်ကိုဦး)
မန္တလေးမြို့သို့ ရောက်ရှိလာသည့် မြစ်ဆုံလမ်းလျှောက်မည့် အဖွဲ့သည် မန္တလေးမြို့ရှိ အလုပ်သမားနှင့် လယ်သမားများအရေး ဆောင်ရွက်နေသူ ဦးကိုကြီး၏ နေအိမ်တွင် တစ်ရက်ရပ်နားမည်ဟု ဦးဆောင်သူ ကိုရဲထွဋ်ခေါင်က မဇ္ဈိမကိုပြောသည်။

လမ်းလျှောက်ဆန္ဒဖေါ်ထုတ်ကြသူများသည် တစ်ရက်ကို မိုင်၃၀ နှုန်းဖြင့် လျှောက်ခဲ့ကြပြီး ခရီးစဉ်တစ်လျှောက် ဖြတ်သန်းရာ မြို့များမှ ၈ မြို့တွင် ဦးဆောင်သူများအား ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုထားပြီး အခြားကျန်သည့် မြို့များတွင်လည်း ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံရမည်ကို သိရှိကြောင်း လက်မှတ်များထိုးခဲ့ရသည်ဟု ကိုရဲထွဋ်ခေါင် က မဇ္ဈိမ ကိုပြောသည်။

တားဆီးတရားစွဲဆိုသော မြို့များမှာ မကွေးတိုင်းတွင် မကွေးမြို့၊ ချောက်မြို့၊ ရေနံချောင်းမြို့၊ ဆပ်သွားမြို့၊ ပဲခူးတိုင်းတွင် ဒုရင်ဗိုလ်မြို့နှင့် မန္တလေးတိုင်းတွင် ညောင်ဦးမြို့၊ မြင်းခြံမြို့၊ စဉ့်ငူမြို့တို့ဖြစ်ကြောင်း ယင်းမှဆက်လက်ပြောသည်။

လမ်းလျှောက်သူများသည် ရာသီဥတုပူပြင်းသောကြောင့် အားနည်းသော ဝေဒနာများခံစားရခြင်း၊ ခြေသည်းများကျွတ်ခြင်းနှင့် ခြေထောက်နာခြင်းများ ခံစားနေရပြီး ခရီးစဉ်တစ်လျှောက်တွင် ကျန်းမားရေးစောင့်လျှောက်မှု အဖွဲ့မပါသော်လည်း ရောက်ရှိရပ်နားသော မြို့များမှ NLD ပါတီ၊ ဒေသခံများနှင့် လူမှုရေးအဖွဲ့အစည်းများမှ လိုအပ်သည့် ကျန်းမားရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြကြောင်းသိရသည်။

လမ်းတစ်လျှောက်တွင် သက်ဆိုင်ရာ ဒေသအာဏာပိုင်များက တားဆီးတရားစွဲဆိုမှုများ ရှိသော်လည်း တရားစွဲမှုများကို ရင်ဆိုင်ဖြေရှင်းကာ ခရီးစဉ်ဆုံးသည်အထိ ဆက်လျှောက်သွားမည်ဟု ကိုရဲထွဋ်ခေါင်က ဆိုသည်။

လမ်းလျှောက်ဆန္ဒဖေါ်ထုတ်သူများသည် ညောင်ဦးမြို့မှစတင်၍ Aအုပ်စု၊ Bအုပ်စု ဟုခွဲ၍ ဧရာဝတီမြစ် ရှေ့ဘက်ခြမ်းနှင့် နောက်ဘက်ခြမ်း နှစ်ဖွဲ့ခွဲကာ လမ်းလျှောက်ခဲ့သည်။ ယင်းသို့ ခွဲ၍လမ်းလျှောက်ခြင်းသည် စိတ်သဘောထားမတိုက်ဆိုင်၍ မဟုတ်ဘဲ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန် ရည်ရွယ်၍ စီစဉ်ပြုလုပ်ခြင်းဖြစ်သည်ဟု ကိုရဲထွဋ်ခေါင်က ပြောသည်။

"လက်ပံတောင်း ဆုံးရှုံးသွားပြီ၊ မြစ်ဆုံကို အဆုံးရှုံးမခံပါဘူး။ ဒါကိုပြည်သူတစ်ရပ်လုံး သိပါတယ်။ အားလုံးပါဝင် ကြမယ်လို့ ယုံကြည်တယ်"ဟု ကိုရဲထွဋ်ခေါင်ကပြောသည်။

လမ်းလျှောက်ဆန္ဒဖော်ထုတ်သူများသည် "CPI ထွက်သွား" "ဧရာဝတီကိုဖျက်ဆီးသူ တို့ရန်သူ"ဟု ကြွေးကြော် ခဲ့ကြပြီး မွန်းအောင် ရေးသားသော "သွေးသစ္စာ" သီချင်းကို မြို့ဝင်မြို့ထွက်များတွင် သီဆိုခဲ့ကြသည်။

လမ်းလျှောက်သည့် အဖွဲ့သည် မြစ်ဆုံသို့ရောက်ရှိပါက အမှတ်တရအထိမ်းအမှတ် ကျောက်တိုင်စိုက်ထူသွားမည် ဖြစ်ပြီး ထိုစိုက်ထူသောနေ့ကို ဧရာဝတီနေ့အဖြစ် သတ်မှတ်သွားမည်ဟု ကိုရဲထွဋ်ခေါင်က ပြောသည်။

လမ်းလျှောက်သူများသည် မန္တလေးမြို့မှ ဧပြီ ၂၀ ရက် နံနက် ၈ နာရီခွဲတွင်  မတ္တရာမြို့သို့ ဆက်လက်ထွက် မည်ဟု သိရသည်။

Most read this week