ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကွမ်းခြံကုန်းတွင် ဆန္ဒထုတ်ဖော်မည်

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကွမ်းခြံကုန်းတွင် ဆန္ဒထုတ်ဖော်မည်
by -
မဇ္စျိမ

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်တွင် ဧပြီလ ၂၅ရက် နံနက် ၉နာရီတွင် ဒေသခံ တစ်ထောင်ခန့်က အချက်သုံးချက်ဖြင့် ဆန္ဒထုတ်ဖော် သွားမည်ဟု ဆန္ဒပြရာတွင် ဦးဆောင်မည့် ဦးသိန်းမြင့်က မဇ္စျိမကို ပြောသည်။

"ကျွန်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံကို ကြိုက်ကိုမကြိုက်တာ၊ တကယ်ကို ပြင်ဆင်ချင်တယ်။ သက်ဆိုင်ရာ နိုင်ငံရေးခေါင်းဆောင်တွေက ပြင်တာကို ကြိုက်တယ်ဆိုလို့သာ ပြင်တာ၊ ဖြစ်နိုင်ရင် အစက အသစ်ပြန်ဆွဲစေချင်တယ်"ဟု ဦးသိန်းမြင့်က ပြောသည်။

ဆန္ဒထုတ်ဖော်မည့် ကွမ်းခြံကုန်း ဒေသခံများက ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတဖြစ်ခွင့် ကန့်သတ်ချက်များ ထည့်သွင်းထားသည့် အခန်း(၃)တွင် ပါရှိသည့် ပုဒ်မ ၅၉(ဃ)၊ (စ)နှင့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရာတွင် ခက်ခဲစေသည့် အခန်း(၁၂) ပုဒ်မ ၄၃၆တို့ကို ပြင်ဆင်ရန်နှင့် လေးပွင့်ဆိုင် တွေ့ဆုံပွဲ အမြန်ဆုံး ဆောင်ရွက်ပေးရန်ဟူသည့် အချက်များကို ဆန္ဒပြ တောင်းဆိုသွားမည်ဟု ဆိုသည်။

ဧပြီလ ၂၅ရက် နံနက် ၉နာရီမှ ၁၂နာရီအထိ ကွမ်းခြံကုန်းမြို့ ထန်းတောထိပ်မှ စံပြရပ်ကွက်အဆုံးအထိ ဗီနိုင်းများဖြင့် လမ်းလျှောက်ဆန္ဒထုတ်ဖော်ရန် ကွမ်းခြံကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် ဧပြီလ ၁၀ရက်က ခွင့်ပြုချက် လျှောက်ထား ထားဆဲဖြစ်သည်။

အများစုပြင်ဆင်လိုသည့် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မများသည် သမ္မတ (သို့မဟုတ်) ဒုသမ္မတအဖြစ် ရွေးချယ်ခံမည့် ပုဂ္ဂိုလ်၏ အရည်အချင်း သတ်မှတ်ချက်နှင့် ပတ်သက်သည့် ပုဒ်မ ၅၉(စ)၌ မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိသားစုဝင်တစ်ဦးဦးသော်လည်းကောင်း နိုင်ငံခြားသားမဖြစ်စေရဟု ပါရှိသည်။ ပုဒ်မ ၅၉(ဃ)တွင်မူ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးအပြင် စစ်ရေးအမြင်ပါ ရှိရမည်ဟု ပါရှိသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခန်း(၁၂) ပုဒ်မ ၄၃၆သည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၁၁၊ ၁၂တို့ပါ ပုဒ်မအချို့ကို ပြုပြင်မည်ဆိုပါက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ရ၅ရာခိုင်နှုန်းက သဘောတူလက်ခံရမည့်အပြင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပပြီး မဲပေးသူ၏ ထက်ဝက်ကျော်၏ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပါရှိသည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပါ ယင်းပုဒ်မ သုံးခုကို ပြင်ဆင်ရန် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့နယ်အများ စုတွင် ဆန္ဒထုတ်ဖော်မှုများ၊ သရုပ်ဖော်မှုများနှင့် ထိုပုဒ်မများကို ပြင်ဆင်ရေး စည်းရုံး ဟောပြောပွဲများကို ဆက်တိုက်လုပ်ဆောင်လျှက်ရှိသည်။

Most read this week