တနိုင်း ပယင်းမှော်မှ ထွက်ပြေးလာသူအချို့ကို ကချင်ပြည်နယ် အစိုးရက အခမဲ့ ပို့ပေးနေသည်ဟုဆို

တနိုင်း ပယင်းမှော်မှ ထွက်ပြေးလာသူအချို့ကို ကချင်ပြည်နယ် အစိုးရက အခမဲ့ ပို့ပေးနေသည်ဟုဆို
by -
မဇ္စျိမ

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေ ပယင်းမှော်အတွင်း အစိုးရစစ်တပ်များ ဝင်ရောက်လာသဖြင့် ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံများကို ကချင်ပြည်နယ် အစိုးရက အခမဲ့ ကားစီစဉ်ပေးမှုများ ရှိနေသည်ဟု ကချင်ပြည်နယ် ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိက မဇ္စျိမကို ပြောသည်။

“တနိုင်းပယင်းမှော်က လူတွေရဲ့ အခြေအနေ အေးအေးဆေးဆေးပါဘဲ။ သူ့အိမ်ကိုယ့်အိမ် ပြန်နေကြပါပြီ။ အခက်အခဲ ရှိတဲ့လူတွေကိုလည်း ကချင်ပြည်နယ် အစိုးရကနေ အခမဲ့ စီစဉ်ပြီး လိုက်ပို့ပေးတယ်။ တချို့က ကိုယ့်ဟာကို ပြန်ကြတယ်။ အခက်အခဲရှိတဲ့လူတွေကို ကျနော်တို့ အစိုးရက စီစဉ်ပေးပါတယ်”ဟု ကချင်ပြည်နယ် ဝန်ကြီးချုပ်၏ ကိုရေးအရာရှိက ပြောသည်။

ဧပြီလ ၆ ရက်မှစတင်၍ အစိုးရဘက်မှ တနိုင်းဂိတ်ကို ပိတ်လိုက်သဖြင့် ပယင်းမှော်မှ ထွက်ပြေးလာသူများသည် တနိုင်းမြို့ပေါ်ရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း၊ ခရစ်ယာန် ဘုရားကျောင်းများ၊ မနော်ကွင်းနှင့် နီးစပ်ရာ ဆွေမျိုးသားချင်းအိမ်များတွင် ယာယီခိုလှုံနေရပြီး ယနေ့အထိ လူ၂၀၀ ခန့် ခိုလှုံနေဆဲဖြစ်သည်ဟု တနိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးပီတာက ဆိုသည်။ ၎င်းတို့အတွက် တနိုင်းမြို့ပေါ်မှ အလှူရှင်များနှင့် တနိုင်းအုပ်ချုပ်ရေးက ဆန်များ ထောက်ပံ့ပေးနေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ထိုနေရာတွင် အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တနိုင်းမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်သည့် လုပ်ငန်းများ ဆောင်ရွက်နေသည်ဟု ဦးပီတာက ဆက်ပြောသည်။

 “တိုက်ပွဲတွေတော့ မရှိပါဘူး။ ကေအိုင်အိုကတော့ မှော်ကလူတွေ ပြန်ခိုင်းတာမပြန်တဲ့အတွက် သေနတ်ပစ်တာတွေ ရှိတယ်လို့ ပြောတယ်။ မှော်ဘက်သွားတဲ့လမ်းက ကေအို်င်အိုက မှော်ကနေ မောင်းထုတ်နေတာလေ။ တနိုင်းဂိတ်ကလည်း ဝင်လာတာတွေ အားလုံး လက်ခံပါတယ်”ဟု ပြောသည်။

သို့သော် ယခုလ ၄ ရက်နေ့က KIO ၏ တပ်မဟာ ၂ လက်အောက်ခံ ရင်း ၁၄ နယ်မြေ ဟူးကောင်းခရိုင် ဖုန်အိန်တိုက်နယ် နွှယ်ဂျီဘွှမ်(ပယင်းမှော်)သို့ တနိုင်းမြို့ အခြေစိုက် ခလရ ၈၆ နှင့် တပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ တပ်ဖွဲ့ များ ဝင်ရောက်လာသဖြင့် ယနေ့ထိ  ပြည်သူများ ထွက်ပြေးတိမ်းရှောင် နေရသည်ဟု KIO တပ်ရင်း ၁၄ မှ အရာရှိတဦးက ပြောသည်။

တနိုင်းမြို့ အခြေစိုက် ခလရ ၈၆ တပ်ရင်းမှူး  ဒုဗိုလ်မှူးကြီး ထွန်းနိုင်ဝင်း နှင့် တပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ဟန်ဝင်းထွန်းတို့ ဦးဆောင်သော တပ်ဖွဲ့ အင်အား ၁၇၀ ခန့်နှင့် ဧပြီ ၆ ရက်နေ့တွင်လည်း တပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ မှ တပ်ဖွဲ့ အင်အား ၁၅၀ ခန့် ထပ်မံ တိုးမြင့်လာပြီး အဆိုပါ အစိုးရ စစ်တပ်များသည် လတ်တလော ချမ်းသာကုန်းတွင် အခြေချ တပ်စွဲနေသည်ဟု KIO အရာရှိက ပြောသည်။

ယင်းအပြင် ဧပြီလ ၆ရက်မှစကာ အစိုးရစစ်တပ်က တနိုင်းမြို့မှ ပယင်းမှော်သို့ သွားလာခွင့် ပိတ်ထားလိုက်သဖြင့် ကိုယ်လွတ် ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ပယင်းမှော်မှ ထွက်ပြေးလာသူ မြစ်ကြီးနားမြို့ခံတဦးက မဇ္စျိမကို ပြောသည်။

ယခုကဲ့သို့ KIO နယ်မြေထဲ အစိုးရစစ်တပ်များ ဝင်ရောက်လာခြင်းကြောင့် KIO တပ်များနှင့် ထိပ်တိုက် တိုက်ပွဲ ဖြစ်လာနိုင်သလို၊ ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ညွန်ကြားချက်အရ ပယင်းမှော်ကို သိမ်းပိုက်ရန် ကြိုးပမ်းနေသည်ဟု KIO ဘက်မှ ယူဆနေသည်။

Most read this week