သတင်းလွတ်လပ်ခွင့်အတွက် သတင်းစာများတွင် Black Cover လှုပ်ရှားမှု လုပ်မည်

သတင်းလွတ်လပ်ခွင့်အတွက် သတင်းစာများတွင် Black Cover လှုပ်ရှားမှု လုပ်မည်
by -
မဇ္စျိမ

ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေ(သူရသက်တင်)နှင့် ကျောင်းသားမိဘ ဦးဝင်းမြင့်လှိုင်(လှိုင်လှိုင်)တို့အား ထောင်ဒဏ် တစ်နှစ်စီချမှတ်လိုက်ခြင်းသည်မီဒီယာလွတ်လပ်ခွင့် တားမြစ်ပိတ်ပင်ရုံမျှမက သတင်းမှန် ပေါ်ပေါက်ရေး အဟန့်အတား ဖြစ်စေသည့်အပြင် ပြည်သူလူထုအကြား အကြောက်တရားလွှမ်းမိုးသွား နိုင်သည်ဟုဆိုကာ ကန့်ကွက်သွားမည်ဖြစ်ကြောင်း သတင်းမီဒီယာအချို့က မဇ္ဈိမကိုပြောသည်။

“ထောင်ဒဏ်ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး အလဲဗင်းမီဒီယာက လာမယ့်သောကြာနေ့မှာထုတ်ဝေမယ့် The Daily Eleven  သတင်းစာနဲ့ Premier Eleven Sport ဂျာနယ်မျက်နှာဖုံးတွေမှာ Black cover  အဖြစ် ပြုလုပ်ကာ ကန့်ကွက်သွားမယ်” ဟု အလဲဗင်းသတင်းစာ၏ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောသည်။

မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) အထွေထွေအတွင်းရေးမှူးဦးမြင့်ကျော်ကလည်း သတင်းလွတ်လပ်ခွင့် နှင့် သတင်းထောက်ကို ထောင်ဒဏ်ပြစ်ဒဏ်ချမှတ်လိုက်ခြင်းအပေါ် MJN နှင့် ပြည်တွင်းရှိ သတင်းဌာန များ၊ သတင်းမီဒီယာအဖွဲ့အစည်းများပူးပေါင်းကာ ကန့်ကွက်သွားမည်ဟု ပြောသည်။

“စာမျက်နှာအပြည့် သို့မဟုတ် အနည်းဆုံးတော့ စာမျက်နှာတစ်ဝက်ကိုအမည်းရောင်အပြည့်နဲ့ထားပြီး ဘယ်အဓိပ္ပာယ်နဲ့လုပ်တယ်ဆိုတာ စာကြောင်းတစ်ကြောင်းလောက်နဲ့ သတင်းစာ၊ ဂျာနယ်တွေမှာ တစ် ရက်တည်း ကန့်ကွက်တဲ့ ကန့်ပိန်းပုံစံလုပ်နိုင်ဖို့ သတင်းမီဒီယာ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးသွားမယ်”ဟု ဆိုသည်။

အဆိုပါ သတင်းထောက် ထောင်ဒဏ်ချမှတ်ခံရမှုအပေါ် ဒီဗွီဘီသတင်းဌာနအနေဖြင့်လည်း ပြည်တွင်း၊ ပြည်ပသတင်း မီဒီယာအဖွဲ့အစည်းများထံ အကူအညီတောင်းခံထားပြီး စာနယ်ဇင်းမီဒီယာအဖွဲ့အစည်းများ အားလုံးနှင့် ကန့်ကွက်မှုများ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဒီဗွီဘီမြန်မာပိုင်းတာဝန်ခံ ဦးတိုးဇော် လတ်က ပြောသည်။

ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေ(သူရသက်တင်)နှင့် ကျောင်းသားမိဘဖြစ်သူ ဦးဝင်းမြင့်လှိုင် (လှိုင်လှိုင်) တို့ကို ၀တ္တရားနှောင့်ယှက်မှု ပုဒ်မ-၃၅၃၊ ပိုင်နက်ကျူးလွန်မှု ပုဒ်မ- ၄၄၈ တို့အရ ပုဒ်မနှစ်ခုပေါင်း ပြစ်ဒဏ် တစ်နှစ်ကျခံရန် ဧပြီလ ရရက်တွင် မကွေးမြို့နယ် တရားရုံးက အမိန့်ချမှတ်လိုက်သည်။

Most read this week