ပုံနှိပ်ထုတ်ဝေနည်းဥပဒေ ပြင်ဆင်ချက်များကို စာနယ်ဇင်းအဖွဲ့များက ပေးပို့မည်

ပုံနှိပ်ထုတ်ဝေနည်းဥပဒေ ပြင်ဆင်ချက်များကို စာနယ်ဇင်းအဖွဲ့များက ပေးပို့မည်
by -
မဇ္ဈိမ

ပြန်ကြားရေးဝန်ကြီးဌာနမှ ရေးဆွဲထားသည့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်း နည်းဥပဒေကြမ်းနှင့် ပတ်သက်ပြီး ၀န်ကြီးဌာနက အကြံပြုချက်များတောင်းခံထားရာ ပြင်ဆင်လိုသည့်အချက်များကို ပြည်တွင်း စာနယ်ဇင်း အဖွဲ့အစည်း အချို့က ပေးပို့သွားမည်ဖြစ်သည်ဟု ဧပြီ ၆ ရက်တွင် စာနယ်ဇင်းအဖွဲ့များမှ တာဝန်ရှိသူများက မဇ္ဈိမကို ပြောသည်။

ပြည်တွင်း စာနယ်ဇင်းအဖွဲ့များဖြစ်သည့် မြန််မာဂျာနယ်လစ်ကွန်ရက် (MJN) မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် မြန်မာနိုင်ငံသတင်းစာဆရာများအသင်း (MJA) တို့က အဆိုပါနည်းဥပဒေမူကြမ်း အတွက် ပြင်ဆင်ချက်၊ ဖြည့်စွက်ချက်များထည့်သွင်းကာ ဧပြီ ၁၁ ရက်တွင် နောက်ဆုံးထားပေးပို့သွားမည် ဟုဆိုသည်။

MJN ၏ အကြံပြု ဖြည့်စွက်ချက်တွင် “ထုတ်ဝေခြင်းအသိအမှတ်ပြုလက်မှတ်” စည်းကမ်းချက်များတွင် ပါ၀င် သည့် “ထုတ်ဝေခွင့် အသိအမှတ်ပြုလက်မှတ်ရရှိပြီး ခြောက်လအတွင်း လုပ်ငန်းစတင်ဆောင်ရွက်ရန်၊ လုပ်ငန်းကို သုံးလတစ်ဆက်တည်း လုပ်ကိုင်ခြင်းမရှိပါက ထုတ်ဝေခွင့်ပြန်လည် ရုပ်သိမ်းမည်” ဟူသည့် အချက်ကို ပြင်ဆင်ပေးရန် အကြံပြုတင်ပြသွားမည်ဖြစ်ပြီး အခြားအချက်တချို့ကိုလည်း အကြံပြု ချက်များ တင်ပြသွားမည်ဖြစ်သည်ဟု ဦးမြင့်ကျော်က ဆိုသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ကလည်း အကြံပြုချက်များပေးပို့သွားမည်ဖြစ်ပြီး မည်သည့်အချက်များ ပေးပို့မည်ကိုမူ ဆုံးဖြတ်ရခြင်းမရှိသေးဟု စာနယ်ဇင်းကောင်စီ (ယာယီ)၏ ဒု-ဥက္ကဌ ဦးခင်မောင်လေး (ဖိုးသောကြာ) ကဆိုသည်။

MJA ဗဟို ကော်မတီဝင် ဦးရဲမင်းဦးက မူ “သတင်းအေဂျင်စီဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုချက် အနေနဲ့မဟုတ်ဘဲ သတင်းထုတ် လုပ်တာ၊ လိုင်စင်တိုးတာအစ ဘယ်လို ရပ်တည်ချက်ရမလဲဆိုတာ ရှင်းလင်းကွဲပြားစွာ သေချာပြဋ္ဌာန်းပေးဖို့လိုပါတယ်။ ပုံနှိပ်လုပ်ငန်းနဲ့ ရောထွေးသွားနိုင်တယ်” ဟုပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဦးရဲထွဋ်က အကြံပြုချက်များကို နည်းဥပဒေတွင် ပြင်ဆင်ထည့်သွင်း သွားမည်ဖြစ်သော်လည်း လွှတ်တော်၏ ဆုံးဖြတ်ချက်သည် အဓိကဖြစ်သည်ဟု သတင်းမီဒီယာအဖွဲ့များ နှင့် ဧပြီ ၄ ရက်က နေပြည်တော် ပြန်ကြားရေး ၀န်ကြီးရုံးတွင် တွေ့ဆုံစဉ် ပြောကြားထားသည်ဟု တွေ့ဆုံ ခဲ့သည့် အယ်ဒီတာတစ်ဦးက ပြောသည်။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကို မတ် ၄ ရက်တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပြီး သမ္မတက ဆက်လက်အတည်ပြုလက်မှတ်ရေးထိုးရန် ပေးပို့ထားပြီးဖြစ်သည်။

Most read this week