နည်းဥပဒေ မထွက်သဖြင့် တရားမဝင် ရွှေတူးဖော်မှုများ အရေးယူနိုင်ခြင်းမရှိ

နည်းဥပဒေ မထွက်သဖြင့် တရားမဝင် ရွှေတူးဖော်မှုများ အရေးယူနိုင်ခြင်းမရှိ
by -
မဇ္ဈိမ

“သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ”ထွက်ရှိပြီးသည်မှာ နှစ်နှစ်ကျော်ပြီဖြစ်သော်လည်း နည်းဥပ ဒေထွက်ရှိသေးခြင်းမရှိသည့်အတွက် တရားမဝင် ရွှေတူးဖော်နေမှုများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက် မှုများကို တိတိကျကျအရေးယူနိုင်ခြင်းမရှိဟု ကျောက်ဖြူအထူးစီးပွားရေးဇုန် တင်ဒါရွေးချယ်ရေးအကြံပေးအဖွဲ့မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်ဦးတင်သန်းက မဇ္ဈိမကို ပြောသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေအရ အရေးယူမှုအပိုင်းကို တိတိကျကျဖော်ပြထားခြင်း မရှိသေးသည့်အတွက်  သဘာဝပတ်ဝန်းကျင် ထိခိုက်နေသည့် လုပ်ငန်းများကို အရေးယူနေမှုမှာ ထိရောက်မှု မရှိခြင်း ဖြစ်သည်ဟု ၄င်းကဆိုသည်။

 “ရွှေတူးဖော်ရေးလုပ်ငန်းတွေလုပ်နေတဲ့အခါ အသုံးပြုတဲ့ ဆိုက်ရာနိုက်တို့၊ ပြဒါးတို့က မြစ်ရေညစ်ညမ်းမှု အလွန်ကြီးမားတယ်။ ပတ်ဝန်းကျင်ကို အများကြီးထိခိုက်တယ်။ ပတ်ဝန်းကျင်ကို ထိခိုက်မှု ဘယ်လောက်ရှိနိုင်တယ်ဆိုတာကိုလည်း ဘယ်ရွှေတူးဖော်ရေး သမားမှ သဘာဝပတ်ဝန်းကျင်ပညာရှင်တွေကို လာတိုင်ပင်တာမရှိဘူး” ဟု ၄င်းက ပြောသည်။

 ရွှေတူဖော်ရေးလုပ်ငန်းများသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုရှိသည့့် ငါးမျိုးစိတ်များလည်း ရှားပါးလာလျှက် ရှိသော်လည်း သက်ဆိုင်ရာက ထိထိရောက်ရောက် အရေးယူနေခြင်းမရှိဟု ၄င်းကဆိုသည်။

သို့သော် သတ္တုတွင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်ကမူ ခွင့်ပြုချက်မရဘဲ ရွှေတူးဖော်နေမှုများကို သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ် အစိုးရတို့က အရေးယူနိုင်သည်ဟု ဆိုသည်။

  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေကို ၂၀၁၂ ခုနှစ် မတ်လတွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့ပြီးဖြစ်သည်။ ဥပဒေအရ အရေးယူမှုအပိုင်းတွင် ကြိုတင်ခွင့်ပြုချက်မယူဘဲ မည်သူမဆို ကျူးလွန်သည်ဟု တွေ့ရှိပါက ထောင်ဒဏ်သုံးနှစ်မှ အများဆုံးငွေဒဏ် ဆယ်သိန်းထိချမှနိုင်ကြောင်း၊ ဥပဒေအရ တားမြစ် ချက်များကို ကျူးလွန်ကြောင်း တွေ့ရှိပါက မည်သူမဆို ထောင်ဒဏ်နှင့် ငွေ ဒဏ်ချမှတ်ခံရမည်ကိုသာ ပါ၀င်ပြဌာန်းထားသောကြောင့် တိကျမှုမရှိဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးတင်သန်းကပြောသည်။

Most read this week