တတိယနေ့ သန်းခေါင်စာရင်းကောက်ခံမှု တိုင်းရင်းသားဒေသအချို့ အခြေအနေ

တတိယနေ့ သန်းခေါင်စာရင်းကောက်ခံမှု တိုင်းရင်းသားဒေသအချို့ အခြေအနေ
by -
မဇ္ဈိမ

လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်း တတိယနေ့ဖြစ်သော ဧပြီ ၁ ရက်တွင် ရခိုင်ပြည်နယ်စစ်တွေ မြို့ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများကို စတင်ကောက်ယူနေပြီဖြစ်ရာ ဒေသနေသူအများစုက “ရိုဟင်ဂျာ”ဟု ထွက်ဆိုကြ သည့်အတွက် သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်း မရှိသည်ကို မဇ္ဈိမက လေ့လာတွေ့ရှိရ သည်။

police in rohingya camp

သန်းခေါင်စာရင်း ကောက်ယူရာတွင် လုံခြံုရေးအဖြစ် လိုက်ပါလာသည့် ရဲတပ်သားတစ်ဦးက စစ်တွေမြို့နယ်၊ သဲချောင်း ဘင်္ဂါလီဒုက္ခသည်စခန်းရှိ နေအိမ်တစ်လုံးရှေ့တွင် ချိတ်ဆွဲထားသော {လူမျိုး-ရိုဟင်ဂျာ} ဟုရေးသားထားသည့် စာတန်းကို ဧပြီ ၁ ရက် က ဓာတ်ပုံရိုက်ယူနေစဉ်။ (ဓာတ်ပုံ - မြတ်ကျော်သူ)

ဘင်္ဂါလီများသာနေထိုင်သည့် သဲချောင်းရွာနှင့် သဲချောင်းဒုက္ခသည်စခန်းသို့ ၀န်ထမ်းများက သန်းခေါင်စာ ရင်း သွားရောက်ကောက်ယူရာတွင် “ဘာလူမျိုးလဲ”ဟု စတင်မေးမြန်းရာ အများစုက “ရိုဟင်ဂျာ”ဟု ဖြေ ဆိုသည့်အတွက် အချက်အလက်များ မှတ်တမ်းယူခြင်း၊ အခြားအချက်အလက်များ ဆက်လက်ကောက် ယူခြင်းမရှိသည်ကို တွေ့ရသည်။

“အားလုံးက ရိုဟင်ဂျာလို့ပဲ ဖြေတယ်။ ဒီအတိုင်းဆို ကောက်စရာတောင် မလိုတော့ဘူး”ဟု သန်းခေါင်စာ ရင်းကောက် ၀န်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။

လူဦးရေ ၃,၅၀၀ ခန့်ရှိ သဲချောင်း ဘင်္ဂါလီဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ငါးစုမျှသာ တွေ့ရသည့် ကမန်လူမျိုးများကိုသာ ၀န်ထမ်းများက အချက်အလက်အပြည့်အစုံ ကောက်ယူခဲ့ပြီး ကျန်လူများအားလုံး မှာ ရိုဟင်ဂျာဟုသာ ပြောဆိုကြသည်။

အိမ်ခြေ ၄,၀၀၀ ကျော်ရှိသည့် သဲချောင်းရွာ၊ ရွာလမ်းမအနီးရှိ နေအိမ် ၁၀ အိမ်ခန့်တွင်လည်း ရိုဟင်ဂျာ လက်ခံမှ “စစ်ဆေးခံမည်”ဟု ရေးသားထားသည်ကို တွေ့ရှိရပြီး အဆိုပါအိမ်များကို သန်းခေါင်စာရင်း ကောက်ယူခြင်းမရှိခဲ့ပေ။

အလားတူပင် ဧပြီလ ၁ ရက် နေ့လယ်ပိုင်းက စစ်တွေမြို့နယ် အိမ်ခြေ၂,၅၀၀ ခန့်ရှိ ဒါးပိုင်ဒုက္ခသည်စခန်း ကိုလည်း သန်းခေါင်စာရင်းကောက်ယူရာ ရိုဟင်ဂျာဟု ထွက်ဆိုကြသည်ကို တွေ့ရှိရပြီး သန်းခေါင်စာ ရင်း ကောက်ယူခြင်းမရှိပေ။

ဘင်္ဂါလီများအတွင်း ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးဝင်းအောင်က “ရိုဟင်ဂျာလို့ပြောတော့ ဆက်မ ကောက်တော့ဘူး။ ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲ။ ဒီကိစ္စက ကောက်တဲ့သူတွေနဲ့တော့ မဆိုင်ပါဘူး။ အထက်ကလူကြီးတွေနဲ့ပဲ ဆိုင်ပါလိမ့်မယ်”ဟု မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ခံမှုများကို မတ်လ ၃၀ ရက်မှစပြီး ကောက်ခံနေသော် လည်း ရိုဟင်ဂျာဟု ထည့်သွင်းမှသာ ကောက်ခံမှုကို လက်ခံမည်ဆိုသည့် အိမ်ထောင်စုများကိုမူ မည် သည့်တုံပြန်မှုမှ မပြုလုပ်ဘဲ ချန်ထားခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦး မြင့်ကြိုင်က ဆိုသည်။

“ကျွန်တော်တို့က အခု ဘင်္ဂါလီတွေကို သွားကောက်တယ်။ ရိုဟင်ဂျာလို့ပြောမှ အကောက်ခံမယ်ပြောရင် ကျော်သွားတယ်။ တချို့တွေလည်း အကောက်ခံပါတယ်။ ပသီတို့ ကမန်တို့ ဘင်္ဂါလီတို့တွေ ထည့်နေကြ ပါတယ်”ဟု ဦးမြင့်ကြိုင်က ပြောသည်။

ဧပြီ ၂ ရက်တွင် ဘင်္ဂါလီများသာနေထိုင်သည့် အခြားဒုက္ခသည်စခန်းများနှင့် ကျေးရွာများတွင် သန်းခေါင် စာရင်းကောက်ယူနိုင်ခြေရှိသော်လည်း မဇ္ဈိမက အတည်မပြုနိုင်သေးပေ။

လုံခြံုရေးအခြေအနေ

သဲချောင်း ဘင်္ဂါလီဒုက္ခသည်စခန်းသည် ယခင်က ရဲတပ်ဖွဲ့ဝင်များနှင့် မကြာခဏ ပဋိပက္ခများ ဖြစ်ပွားခဲ့ သည့်နေရာဖြစ်ပြီး လတ်တလော သန်းခေါင်စာရင်းကောက်ရာတွင် ကောက်ယူသည့်ဝန်ထမ်း ငါးဦးလျှင် ရဲတပ်သား ၁၀ ဦးခန့်က လုံခြံုရေးယူပေးထားသည်။

ထို့ပြင် ပြည်နယ်ရဲမှူးကြီးနေမျိုးကိုယ်တိုင် သန်းခေါင်စာရင်းကောက်ရာသို့ ရောက်ရှိနေပြီး ဒု-ရဲမှူးကြီး၊ ရဲမှူး နှင့် သန်းခေါင်စာရင်းကောက်ဝန်ထမ်း ၅၀ ခန့်ကို ရဲတပ်သား ၁၅၀ ကျော်ခန့်က လုံခြံုရေးယူကာ ဒုက္ခ သည်စခန်းအပြင်ဘက်နှင့် ကျေးရွာထွက်ပေါက်တို့တွင် စစ်တပ်မှလုံခြံုရေးယူထားသည်ကို တွေ့ရသည်။

ဘင်္ဂါလီဦးရေ ခန့်မှန်း ထည့်သွင်းမည်

ရခိုင်ပြည်နယ်အတွင်း သန်းခေါင်စာရင်းမကောက်ယူနိုင်သည့် အခြေအနေများ ကြံုတွေ့ရလျက်ရှိရာ ဖြေ ရှင်းသောအားဖြင့် ဘင်္ဂါလီဦးရေကိုမူ ပြည်တွင်းပြည်ပ လူဦးရေပညာရှင်များနှင့် ခန့်မှန်းကာ ထည့်သွင်း သွားမည်ဟု ပြည်သူ့အင်အားဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က မဇ္ဈိမကိုပြောသည်။

“ခန့်မှန်းကောက်မှာက အရင် ဘင်္ဂါလီဦးရေတွေကို ပြည်သူ့အင်အားက ကောက်ထားတဲ့စာရင်းတွေကို အခြေခံပြီး ခန့်မှန်းကောက်မှာပါ။ အဲဒီကနေ ခန့်မှန်းကောက်တာတွေကို လူဦးရေစာရင်းမှာ ထည့်သွင်း သွားမှာ”ဟု ဦးမြင့်ကြိုင်က ဆိုသည်။

ယင်းကောက်ခံမှုကို နိုင်ငံတကာလူဦးရေပညာရှင်များနှင့် ဦးစီးဌာနရှိ ပညာရှင်များ ပူးပေါင်းကာ ဆောင် ရွက်သွားမည်ဖြစ်သည်။ နိုင်ငံတကာပညာရှင်များမှာ နိုင်ငံတကာ သန်းခေါင်စာရင်းကောက်ယူမှု အတွေ့ အကြံုရှိ ITAT(International Technical Advisor Team) မှ ပညာရှင်များနှင့် မြန်မာသန်းခေါင်စာရင်းအတွက် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့မှ ကူညီဆောင်ရွက်ပေးနေသည့် လူဦးရေပညာရှင်များ ပါ၀င်သည်။

ခန့်မှန်းထည့်သွင်းမည့် ပုံစံ

ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအတွင်း ကောက်ယူထားသည့် ဘင်္ဂါလီ လူဦးရေစာရင်းများနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ ငါးနှစ်တစ်ကြိမ် ပြုစုထားသည့် ဖွားသေစာရင်းများကို ကိုးကားကာ ပညာရှင်များက ခန့်မှန်းထည့်သွင်းမည်ဖြစ်သည်။

ယင်းခန့်မှန်းကောက်ယူမှုကို လက်ရှိ ပြုလုပ်နေသည့် သန်းခေါင်စာရင်းကောက်ခံမှုများအပြီး လူဦးရေစာ ရင်းများ ထွက်ရှိလာသည့်အချိန်တွင် ခန့်မှန်းတွက်ချက်ကာ လူဦးရေစာရင်းတွင် ထည့်သွင်းသွားမည်ဖြစ် သည်။

ကေအိုင်အို ထိန်းချုပ်နယ်မြေတွင် ခွင့်မပြု

ကချင်ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၏ ထိန်းချုပ်နယ်မြေများတွင် ကေအိုင် အေအဖွဲ့က သန်းခေါင်စာရင်းကောက်ခံခွင့်မပြုမှုသည် တပ်ပိုင်းဆိုင်ရာလုံခြံုရေးအရ ခွင့်မပြုခြင်းဖြစ် သည်ဟု ကချင်ပြည်နယ် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ အကြီးတန်းအရာရှိ ဦးလမိုင်ဂွမ်ဂျာက ဆို သည်။

“ထိန်းချုပ်နယ်မြေထဲကို လာရောက်ကောက်ခံခွင့်မပြုတာက အဓိကကတော့ လုံခြံုရေးကြောင့်ပါ။ အခုက စစ်ဆင်ရေးကာလလို့လည်း ပြောလို့ရတယ်။ ထိုးစစ်ဆင်နေတဲ့နေရာတွေက ရှိနေသေးတယ်။ နယ်မြေ လုံခြံုရေးအရ မကောက်တာပါ”ဟု ပြောသည်။

ကချင်လူမျိုးအချို့ စာရင်းမသွင်းလို

ကေအိုင်အေနယ်မြေအတွင်း သန်းခေါင်စာရင်းကောက်ယူမှုများ မရှိခဲ့သည့်အပြင် ကုတ်နံပါတ်များဖြင့် ကောက်ယူမှုကြောင့် ကချင်လူထုများက စာရင်းမသွင်းလိုသူများလည်း ရှိကြသည်ဟု ဆိုသည်။ ထိန်းချုပ်နယ်မြေတွင်း ပျမ်းမျှလူဦးရေမှာ လေးသိန်းခွဲခန့်ရှိမည်ဟု ကချင်အဖွဲ့အစည်းများက ဆိုသည်။

လဝကမှ သန်းခေါင်စာရင်း အပြီးသတ်ကောက်ယူပြီးသည့်နောက်ပိုင်းတွင် စာရင်းမထည့်ထားသည့်ဦး ရေ၊ စာရင်းပေးသွင်းမှု မည်မျှရှိသည်ကို ပြန်လည်စိစစ်ရန် ကချင်အဖွဲ့အစည်းများက ဆွေနွေးလျက်ရှိ သည်ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ မခွန်ဂျာက ပြောသည်။

“ပြန်လည်စိစစ်ဖို့တော့ အစီအစဉ်လုပ်ဖို့ရှိတယ်၊ အခုလောလောဆယ်တော့ တိတိကျကျ မပြောနိုင်သေးဘူး။ ကချင်မှာ စာရင်းကောက်တော့လဲ ကချင်အဖွဲ့အစည်းတစ်ခုကိုမှ အကူအညီမတောင်းဘူး၊ အဲ့တော့ သူတို့လုပ်ငန်း အပြီးသတ်မှ နောက်ဆက်တွဲ ဆက်လုပ်ဖို့ရှိမယ်”ဟု မခွန်ဂျာက ဆိုသည်။

ကောက်ယူနိုင်ခြင်းမရှိသည့်နေရာများ

ကချင်ပြည်နယ်အတွင်း လွယ်ဂျယ်မြို့နယ်ခွဲ၊ ပန်ခမ်းကျေးရွာ၊ မန်စီမြို့နယ် မန်ဂိန်းကြီးကျေးရွာအုပ်စု ခြောက်အုပ်စုနှင့်၊ အင်ဘာပါကျေးရွာအုပ်စု ခုနစ်အုပ်စုတို့မှ ကျေးရွာပေါင်း ၆၆ ရွာ၊ ရှမ်းပြည်နယ် မြောက် ပိုင်း ကျောက်မဲခရိုင် မန်တုံမြို့နယ် မန်ပွန်းကျေးရွာနှင့် မန်ကျော့ကျော့ ကျေးရွာအုပ်စု မိုးမိတ်မြို့နယ်ရှိ တုံး ကြီး၊ လွယ်ယာ၊ မိုင်းနင်း၊ မန်ယွင်း၊ မန်ကာ၊ ဟင်ခုတ်၊ နားခါးလုံ မိုင်းလုံမြို့နယ်ခွဲ လွယ်ဆာကျေး ရွာအုပ် စု၊ နားလော့ရွာနှင့် မန်မော်အုပ်စု တို့ဖြစ်သည်ဟု နိုင်ငံပိုင်သတင်းစာများက ထုတ်ပြန်သည်။

ကယားပြည်နယ် သန်းခေါင်စာရင်းကောက်ခံမှု စိုးရိမ်ဖွယ်ရှိဟုဆို

ကယားပြည်နယ် သန်းခေါင်စာရင်းကောက်ယူမှုတွင် နေရပ်မှစွန့်ခွာနေထိုင်ကြသူ(IDP)များကို မည်ကဲ့ သို့ စာရင်းကောက်ယူနေခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောနေရာများသို့ သွားရောက်မှုရှိ၊ မရှိ တို့ကို ပွင့်လင်းမြင်သာစွာ မသိရသည့်အတွက် စိုးရိမ်ဖွယ်ရှိသည်ဟု ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့မှ ခေါင်းဆောင် ကိုလွီစီငြိမ်းက မဇ္ဈိမကိုပြောသည်။

သန်းခေါင်စာရင်းကောက်ယူခြင်းကို ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့များက တစ်စုံတစ်ရာ တား မြစ်ခြင်းမရှိဘဲ ခွင့်ပြုထားပြီး လွိုင်ကော်မြို့ပေါ်နှင့် အနီးတစ်ဝိုက်တွင် သန်းခေါင်စာရင်းကောက်ယူရာ၌ အခက်အခဲမရှိပေ။

ကျေးရွာများသို့ဆင်း၍ ကောက်ရာတွင် ဘာသာပြန်များအနေဖြင့် ဒေသခံကျောင်းသား၊ ကျောင်းသူများကို အကူအညီတောင်းခြင်းများရှိသော်လည်း အရပ်ဖက်အဖွဲ့အစည်းများကို ကမ်းလှမ်းခြင်း မရှိပေ။

ကယားလူမျိုးကို ကုတ်နံပါတ် ၂၀၁နှင့် မျိုးနွယ်စုဝင်များကို ဇယိန်း၊ ကယန်း (ပဒေါင်)၊ ဂေခို၊ ဂေဘား၊ ကယော၊ မနုမနော၊ ယင်းတလဲ၊ ယင်းကော်ဟူ၍ ကုတ်နံပါတ် ၂၀၂ မှ ၂၀၉ အထိ သတ်မှတ်ထားသည်။

ပလောင်(တအာင်း)လူမျိုးများ ကုတ်နံပါတ်သစ်ရရန် တောင်းဆိုမည်

သန်းခေါင်စာရင်းကောက်ယူရာတွင် ပလောင်(တအာင်း)လူမျိုးများ ရှမ်းလူမျိုးစုဝင်အောက်တွင် ကုတ်နံ ပါတ်သတ်မှတ်ပေးထားခြင်းကို မကျေနပ်ကြောင်း ကန့်ကွက်ထားသည်ကို ပြောင်းလဲပေးခြင်းမရှိသဖြင့် ပေးထားသော ကုတ်နံပါတ်အတိုင်း ဖြည့်ပေးနေရသော်လည်း သီးသန့်ကုတ်နံပါတ်ရရန် ပြန်လည် တောင်းဆိုမည်ဟု တအာင်း(ပလောင်) အမျိုးသားပါတီ ဗဟိုကော်မတီဝင် ဦးအောင်ဝင်းက ပြောသည်။

ရှမ်းလူမျိုးကုတ်နံပါတ်ကို ၈၀၁ နှင့် မျိုးနွယ်စုဝင်များကို ၈၀၂မှ ၈၃၃အထိ သတ်မှတ်ထားရာတွင် ပလောင် (တအာင်း) သည် ကုတ်နံပါတ် ၈၁၇ ဖြစ်သည်။

ရှမ်းပြည်နယ်အတွင်း လားရှိုး၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူနှင့် တန့်ယန်းမြို့နယ်များနှင့် နမ့်ခမ်းမြို့ နယ်မှ ဒုက္ခသည်စခန်းများတွင် သန်းခေါင်စာရင်းကောက်ယူပြီးဖြစ်သော်လည်း ကွတ်ခိုင်မြို့နယ်ရှိ ဒုက္ခ သည်စခန်းများသို့ လာရောက်ကောက်ခံခြင်း မရှိသေးပေ။

သွားလာရလွယ်ကူသော နေရာများတွင် သန်းခေါင်စာရင်းကောက်ယူရန် လွယ်ကူသော်လည်း နယ်မြေ ကြမ်းတမ်းသောနေရာများနှင့် ဒုက္ခသည်စခန်းများသို့ အနှ့ံ သွားရောက်နိုင်ရန် ခက်ခဲမည်ဖြစ်ကြောင်း လည်း လားရှိုးမြို့ရှိ တအာင်းအမျိုးသမီးအဖွဲ့အစည်းက မဇ္ဈိမကိုပြောသည်။

ရန်ကုန် သန်းခေါင်စာရင်းကောက်ခံမှု

ရန်ကုန်တိုင်းအတွင်း မြို့နယ်အနှ့ံအပြားရှိ ရပ်ကွက်များတွင် သန်းခေါင်စာရင်းကောက်သူများ အိမ်သို့လာ မည့်အချိန်နှင့် နေ့ရက်များကို ကွဲပြားစွာ မသိရသေးသော အခြေအနေများ ဖြစ်နေသည်။

တာမွေမြို့နယ် (ခ)ရပ်ကွက်တွင် သန်းခေါင်စာရင်းကို နေ့ဘက်တွင် လာရောက်ကောက်ခံပြီးဖြစ်သော် လည်း ကျန်ရှိနေသေးသော အိမ်ထောင်စုများကို နောက်တစ်ကြိမ် လာရောက်ကောက်ခံရန် ရှိ၊ မရှိကိုမူ ပြောဆိုသွားခြင်းမရှိပေ။

သန်းခေါင်စာရင်း ကောက်ခံသည့်အချိန်သည် မနက် ရ နာရီမှ ညနေ ၅ နာရီအတွင်းသာဖြစ်သည်ဟု ပြောဆိုသွားသည်မျိုးလည်းရှိသည်ဟု တာမွေမြို့နယ် ၁၆၄ လမ်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။

ကမာရွတ်မြို့နယ်တွင်မူ လမ်းမကြီးများပေါ်တွင်သာ သန်းခေါင်စာရင်းဝတ်စုံများဖြင့် ကောက်ခံကြနေကြ သည်။ ရပ်ကွက်များအတွင်း အိမ်ရှင်များကို စာရွက်များ လာရောက်ပေးထားပြီး ဖြည့်ပြီးသောအခါ အမှတ် (၄) မူလတန်းကျောင်းတွင် ရုံးထိုင်ကြသော သန်းခေါင်စာရင်းကောက်ခံသူများထံသို့ စာရွက်များပြန်လည် ပေးအပ်ရန် ပြောထားသည်ဟု လှည်းတန်း(၃)လမ်းတွင်နေထိုင်သူ ကိုကောင်းကောင်းက မဇ္ဈိမကိုပြော သည်။

ရန်ကုန်မြို့တွင်း သန်းခေါင်စာရင်းကောက်ယူရေးတွင် စောင့်ကြည့်လေ့လာနေသော အရပ်ဘက်အဖွဲ့အ စည်းများ၏ ပြောကြားချက်များအရ ဟိုတယ်များတွင် တည်းခိုနေကြသူများကို ဟိုတယ်ဝန်ထမ်းများမှတစ် ဆင့် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကို ကောက်ယူသွားပြီး လူဦးရေအတိအကျအတိုင်းလည်း ကောက်ယူခြင်းမရှိဟု ဆိုသည်။

ကျူးကျော်များ သန်းခေါင်စာရင်းစကောက်

ရန်ကုန်တိုင်းအတွင်း သန်းခေါင်စာရင်းကောက်ယူရာတွင် ကျူးကျော်နေထိုင်သူများကိုပါ တစ်ပြိုင်တည်း စာရင်းကောက်နေသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဦးစီးမှူး ဦးကြည်လင်းက မဇ္ဈိမကိုပြောသည်။

ကျုးကျော်နေအိမ်များသည် အစိုးရအဖွဲ့က သတ်မှတ်ထားသည့် အိမ်အမှတ် နံပါတ်မရှိသော်လည်း ပြည် လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာတွင် အိမ်ထောင်စုမေးခွန်း ၄၁ ချက်ဖြင့် ထည့်သွင်းကောက်ခံ သွားမည်ဖြစ်သည်။

ရန်ကုန်တိုင်းအတွင်း ကျုးကျော်နေအိမ်များကို သန်းခေါင်စာရင်းတွင် ထည့်သွင်းကောက်ယူနိုင်ရန် ဒီဇင် ဘာလအတွင်းကပင် ကျုးကျော်နေအိမ်များစာရင်းကို သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးများနှင့် လဝက ပူးပေါင်းကာ စာရင်းကောက်ယူထားခဲ့ခြင်းဖြစ်သည်။

အင်းစိန်၊ စျေးကုန်းအရှေ့ရပ်ကွက် မီးရထားပိုင်နယ်မြေအတွင်း ကျုးကျော်နေထိုင်သူ မဝင်းမာထွေးက “သန်းခေါင်စာရင်းကောက်ပြီးရင် အိမ်တွေလာဖျက်မှာ ကြောက်နေကြတယ်”ဟု ပြောသည်။

ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ ၁၃၀-၁၃၉ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခိုင်ဦးကမူ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်တွင် သန်းခေါင်စာရင်းအဖွဲ့က ကျူးကျော်တဲအိမ် ၂၀ခန့် ကို ကောက်ယူခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

မြတ်ကျော်သူ၊ ဟိန်းကိုစိုး၊ နန်းလွင်နှင်းပွင့်၊ အေးမြင့်စန်း၊ ကြယ်ပြာ တို့ စုစည်းတင်ပြသည်။

Most read this week