အစိုးရစစ်တပ်မှ ရှမ်းပြည်နယ်အတွင်း ပြည်သူများအား လူ့အခွင့်အရေးချိုးဖောက်မှုများ ကျယ်ပြန့်စွာ လုပ်နေ သည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က စွပ်စွဲပြောဆိုလိုက်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲများကို နှောင့်နှေးစေလိမ့်မည်ဟု သတိပေးလိုက်သည်။
မတ်လအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့၊ ကျောက်မဲမြို့နှင့် ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်များ အတွင်း မြန်မာတပ်ရင်း ခြောက်ခုက ကျေးရွာများအတွင်း မော်တာသေနတ်များဖြင့် ပစ်ခတ်ခြင်း၊ နေအိမ်များ တွင် ပစ္စည်းများ သိမ်းယူခြင်းများ ပြုလုပ်နေခြင်းများ ပိုမိုလုပ်ဆောင်နေသည်ဟုလည်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်က မတ် ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။
“ရှမ်းပြည်မြောက်ပိုင်းနဲ့ အရှေ့ပိုင်း ဒီလို လူ့အခွင့်အရေးချိုးဖောက်တဲ့နေရာကလည်း ရှမ်းလက်နက်ကိုင် အဖွဲ့တွေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲထားတဲ့ထဲ ပါနေရက်သားနဲ့ စစ်တပ်ကနေ ထိုးစစ်ဆင်တိုက်ခိုက် မှုတွေ လုပ်နေတာက အပြောတခြား၊ အလုပ်တခြားဖြစ်နေတယ်။ ဒါက လုံးဝလက်မခံနိုင်တဲ့ အချက် ဖြစ်တယ်။ ယုံကြည်မှု ပျက်ပြားစေတယ်” ဟု ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ နန်းခွန်လိတ်က မဇ္ဈိမကို ပြောသည်။
မတ်လအစောပိုင်းက အစိုးရစစ်တပ်က ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းများကြောင့် နောင်ချိုမြို့နယ်အတွင်းရှိ ရွာ ၁၁ ရွာမှ ဒေသခံ ၂,၀၀၀ ခန့်သည် နေအိမ်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း၊ သို့သော် လက်ရှိ အစိုး ရစစ်တပ်များ ဆုတ်ခွာသွားသဖြင့် ဒေသခံများ မိမိနေအိမ်များသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း နန်း ခွန်လိတ်က ပြောသည်။
“နောင်ချိုက ရွာသားတစ်ယောက်ကို နောင်ချိုမြို့ရဲစခန်းက ဖမ်းထားတယ်။ ခုထိ ပြန်မလွတ်လာသေးဘူး။ ကျောက်မဲမှာက ခြောက်ယောက်ကို ဒီအတိုင်း နှိပ်စက်ပြီး ပြန်လွှတ်လိုက်တယ်။ ၂၆ ရက်က မိုင်းတုံ့မြို့ နယ်မှာ ရှမ်းပြည်နယ် အက်စ်အက်စ်အေ တောင်ပိုင်းနဲ့ တိုက်ပွဲဖြစ်ပြီးတော့ အစိုးရတပ်ရင်းနှစ်ရင်းက ရွာ ထဲကို၀င်လာပြီး ရွာသားတွေရဲ့အိမ်တွေ တစ်အိမ်တက်တစ်အိမ်ဆင်းလုပ်ပြီး ပစ္စည်းတွေယူသွားတယ်” ဟု နန်းခွန်လိတ်က ပြောသည်။
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ မတ်လ ၁ ရက် ထုတ်ပြန်သော အစီရင်ခံစာတွင် သီပေါမြို့ အခြေစိုက် တပ်ရင်း ၅၀၂၊ ပဲခူးအခြေစိုက် တပ်ရင်း ရ၇ နှင့် နောင်ချိုအခြေစိုက်တပ်ရင်း ၁၁၅ စစ်တပ်ဖွဲ့များသည် နောင်ချို မြို့အတွင်းရှိ ရွာထဲတွင် ကြိုတင်သတိပေးခြင်းမရှိဘဲ ရွာထဲသို့ မော်တာသေနတ်များဖြင့် ပစ်ခတ်ခဲ့ခြင်း၊ ရွာသားများအား သေနတ်ဖြင့်ချိန်ရွယ်၍ ခြိမ်းခြောက် မေးမြန်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ပစ္စည်းလုယူ ခြင်းများ ပြုလုပ်နေသည်ဟု ဆိုသည်။
ထို့ပြင် အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSA-N) နှင့် ရှမ်းပြည် တပ်မတော်တောင်ပိုင်း (SSA-S) တို့အား အစိုးရစစ်တပ်မှ စစ်ရေးအရ တိုက်ခိုက်ရာတွင် အပြစ်မဲ့ ပြည် သူများအား တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်ဟု ထည့်သွင်းဖော်ပြထားသည်။
အစိုးရစစ်တပ်မှ ဥပဒေမဲ့ ပြည်သူများကို တိုက်ခိုက်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်းများသည် လုံးဝ လက်မခံနိုင်ကြောင်း၊ ထိုသို့ ကျူးလွန်နေခြင်းမှာ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များအကြား ငြိမ်းချမ်းရေး တည်ဆောက်မှုကို နှောင့်နှေး ထိခိုက်စေပြီး စစ်တပ်တိုးချဲ့ချထားခြင်းကိုလည်း ရပ် တန့်ရန် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထည့်သွင်း တောင်းဆိုထားသည်။