တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် နိုင်ငံတော်အစိုးရနှင့် တသားတည်းရှိပြီး ဟန်ချက်ညီညီ အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည်ဟု သမ္မတဦးသိန်းစိန်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ မတ်လ ၁၆ ရက်တွင် တိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
သမ္မတ၏ မြစ်ကြီးနားမြို့တွင် ကချင်လူထုနှင့် တွေ့ဆုံစဉ် ပြောကြားသည့် မိန့်ခွန်းကောက်နှုတ်ချက်ကို သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သူ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားခြင်း ဖြစ်သည်။
ကချင်ပြည်နယ်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်းအပေါ် တပ်မတော်၊ ကေအိုင်အေနှင့် ပြည်သူများ ထိခိုက်ရပြီး ယင်းကဲ့သို့ ထိခိုက် ဆုံးရှုံးမှုများသည် မည်သည့်ဘက်က ထိခိုက်မှု ရှိရှိ တိုင်းပြည်ဆုံးရှုံးခြင်း သာဖြစ်ပြီး သမ္မတအနေဖြင့် ဝမ်းနည်းရသည် ဟု ပြောကြားခဲ့သည်။
ထို့အပြင် ယင်းကဲ့သို့သော အဖြစ်များကို သင်ခန်းစာယူကာ နှစ်ဖက်ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းများကို အဓိကထားရှာဖွေရန် သမ္မတဦးသိန်းစိန်က တိုက်တွန်းလိုက်သည်။
ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍လည်း သမ္မတဦးသိန်းစိန်က နှစ်ဦးနှစ်ဘက် အပစ်အခတ်ရပ်စဲရုံနှင့် မပြီးဘဲ နိုင်ငံရေး နည်းလမ်းဖြင့် အဖြေရှာရန်၊ နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်သွားရန် ပြောကြား ခဲ့သည်။