သံလွင်မြစ်ပေါ်ရေကာတာများရပ်ဆိုင်းရန် လက်မှတ်ထိုး တောင်းဆို

သံလွင်မြစ်ပေါ်ရေကာတာများရပ်ဆိုင်းရန် လက်မှတ်ထိုး တောင်းဆို
by -
မဇ္ဈိမ

သံလွင်မြစ်ပေါ်တည်ဆောက်ထားသော ရေကာတာ စီမံကိန်း ၆ ခုကို ရပ်ဆိုင်းပေးရန် တိုင်းရင်းသား ပြည်သူလူထု ၃ သောင်းကျော်နှင့် နိုင်ငံရေး ပါတီများ အပါအဝင် လူမှုအဖွဲ့အစည်း ၁၃၁ ဖွဲ့တို့က လက်မှတ်ရေးထိုးကာ တောင်းဆိုလိုက်သည်။

ရှမ်းပြည်နယ်ရှိ ကွမ်းလုံ၊ နောင်ဖါ၊ တာဆန်းရေကာတာ၊ ကရင်နီပြည်နယ်ရှိ ရွာသစ်ရေကာတာ၊ ကရင်ပြည်နယ် ဟတ်ကြီးရေကာတာနှင့် ဒါးကွင်း ရေကာတာများကို ချက်ချင်း ရပ်တန့်ပေးပါရန် တိုင်းရင်သားလူမျိုးများ ဖြစ်သော ရှမ်း၊ ကရင်နီ၊ ကရင်နှင့် မွန်ပြည်နယ် အတွင်းရှိ ပြည်သူလူထု (၃၃၅၃၈) ဦးနှင့် နိုင်ငံရေးပါတီ အပါအဝင်လူမှုအဖွဲ့အစည်း (၁၃၁)ဖွဲ့က လက်မှတ်ရေးထိုးကာ တောင်းဆိုချက်ကို မတ်လ ၁၄ ရက်တွင် မြန်မာမြစ်ချောင်းများကွန်ရက်က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှစတင်၍ မြန်မာမြစ်ချောင်းများကွယ်ရက် အဖွဲ့ဝင်များကတိုင်းရင်းသား ပြည်သူများထံမှ ရေကာသာတည်ဆောက်မှု ဆန့်ကျင်ကြောင်း လက်မှတ်များကို ကောက်ယူ စုဆောင်းခဲ့သည်ဟု ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေး အဖွဲ့က ညှိနှိုင်းရေးတာဝန်ခံ စောသာဘိုးက ပြောသည်။
 
“ကျွန်တော်တို့ တိုင်းရင်းသားအဖွဲ့တွေ ပူးပေါင်းပြီးတော့ သံလွင်ရေကာတာကို လူတွေ ပိုသိလာအောင်၊ အစိုးရက သံလွင်ရေကာတာ ၆ခုကို ဆောက်ဖို့ လျာထားတာ ရှိတယ်။ ဒီအပေါ်မှာ ပြည်သူလူထုက အသိပညာ နည်းပါးနေသေးတယ်။ နည်းပါးတဲ့အပေါ် ကျွန်တော်တို့ ကန်ပိန်းလုပ်ပြီးတော့ ကျွန်တော်တို့ စုပေါင်းကျင်းပခြင်းဖြင့် လူတွေ သိလာမယ်”ဟု စောသာဘိုးက မဇ္စျိမကို ပြောသည်။

အလားတူ ကရင်နီပြည်နယ်အတွင်းရှိ သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာများကို ရပ်တန့်ရန်နှင့် ဆက်လက် တည်ဆောက်ပါက KNPP နှင့် အစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးမှု သဘောတူညီချက်များ ထိခိုက်နိုင်သည်ဟု ကရင်နီ လူမှုအခြေပြု အဖွဲ့များကွန်ယက် (ကေစီအက်စ်အဲန်)၏ တာဝန်ခံ ခူးမီရယ် က မဇ္စျိမကို ပြောသည်။

“ဒီလို စီမံကိန်းကြီး တည်ဆောက်မယ်ဆိုရင် ဒေသခံ ပြည်သူလူထုရဲ့ ဆန္ဒကို ပါဝင်ဖို့ လိုအပ်တယ်။ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးချိန်ကာလမှာလည်း ရပ်တန့်ထားရမယ်။ အခိုင်အမာသဘောတူညီချက်ရမှ နောက်တဆင့် ပွင့်ပွင့်လင်းလင်း ညှိနှိုင်းတိုင်ပင် ပြီးတော့မှ ဆက်ဆောင်ရွက်သွားဖို့ လိုတယ်၊ ဆက်လုပ်မယ် ဆိုရင် ငြိမ်းချမ်းရေးကို ထိခိုက်လာမယ်။ နှစ်ဖက် ညှိနှိုင်းသဘောတူထားတာတွေကို ထိခိုက်တယ်” ဟု သူက ပြောသည်။

ကရင်နီပြည်နယ် ရွာသစ်ရေကာတာကို တရုတ်ပြည် ဒါထန်းကုမ္ပဏီက တည်ဆောက်မည်ဖြစ်ပြီး လျှပ်စစ်ဓါတ်အား (၄၀၀၀) မီဂါဝပ် ထုတ်လုပ်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ကေစီအကစ်အဲန်အနေဖြင့် KNPP အပါအဝင် အခြားတိုင်းရင်းသား အဖွဲ့အစည်း ခေါင်းဆောင်များနှင့် အစိုးရအကြား အခြေခံ ဥပဒေပြင်ဆင်ရေး အာမခံချက်နှင့် ဒေသခံ လူထုအခွင့်အရေးကို ကာကွယ်ပေးနိုင်သည့် နိုင်ငံရေးအခြေတည်မှု မရှိသည့်အတွက် ရွာသသစ်ရေကာတာ အပါအဝင် သံလွင်ဖြစ်ပေါ်တည်ဆောက်မည့် စီမံကိန်းများအား ရပ်တန့်ရန် တောင်းဆိုထားသည်။

မြန်မာမြစ်ချောင်းများကွန်ရက်တွင် ရှမ်းသဘောဝပတ်ဝန်းကျင်အဖွဲ့၊ ကရင်နီလူမှုအဖွဲ့အစည်းများကွန်ရက်၊ သံလွင်ချစ်သူ၊ တိုးတက်သော မွန်လူငယ်များ အစည်းအရုံးနှင့် ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့များ အပါအဝင် အဖွဲ့ဝင် ၁၅ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။

မြစ်ချောင်းအင်အိုင်များနေ့ အထိန်းအမှတ်အဖြစ် မွန်ပြည်နယ် မော်လမြိုင်မြို့အနောက်ဘက် ဘီလူးကျွန်း ကော့မုပွန်ကျေးရွာရှိ သဲသောင်ပြင်ပေါ်တွင်  တိုင်းရင်းသား ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ အပါအဝင် အင်အား ၂၀၀ ကျော်က ဆုတောင်းမေတ္တာပို့ကာ မြစ်ချောင်း အင်းအိုင်များနေ့ကို ပထမဆုံးအကြိမ် ကျင်းပခဲ့သည်ဟု စောသာဘိုးက ပြောသည်။

“အခမ်းအနားမှာ သံလွင်ကို ရောင်းစားမည်မဟုတ်၊ သံလွင်မြစ်ရေကာတာ အလိုမရှိဆိုတဲ့ တီရှပ်တွေ ဝတ်ကြတယ်။ ပြီးတော့ No Dam ဆိုတဲ့ နဖူးစည်းတွေ စည်းကြတယ်။ ဘာသာပေါင်းစုံ ဘုရားဖန်ဆင်းထားတဲ့ လက်ယာတွေဟာ သဘာဝအတိုင်းရှိနေဖို့၊ မေတ္တာပြုဆုတောင်းကြတယ်။ ဒေသအသီးသီးက လာတဲ့ လူတွေ သူတို့ ဒေသက ကြံုရတာတွေ sharing လုပ်တယ်”ဟု သူက ဆက်ပြောသည်။

အခြား ကရင်ပြည်နယ် ဟတ်ကြီးရေကာတာ နေရာတွင်လည်း ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့များ ကလည်း အခမ်းအနားကို ပထမဆုံးအကြိမ် ကျင်းပသည်ဟုဆိုသည်။

လက်ရှိ ရှမ်းပြည်နယ် မြောက်ပိုင်း ကွမ်းလုံရေကာတာ စီမံကိန်း ဆောက်လုပ်ရန်အတွက် လမ်းများ ဖောက်လုပ်နေခြင်းကြောင့် ကျေးရွာပေါင်း ၆၀ မှ ပြည်သူများ မြေယာနှင့် အိုးအိမ်ပစ္စည်းများ ဆုံးရှုံးနေရပြီး စီမံကိန်းကြောင့် အစိုးရ စစ်တပ်နောက်ခံရှိသော ကုမ္ပဏီများက သစ်လုပ်ငန်းနှင့် သတ္တုထူးဖော်ရေး လုပ်ငန်းများကို အရှိန်မြင့် ပြုလုပ်နေသည်ဟု မြန်မာမြစ်ချောင်းများကွန်ရက်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်း ၆ ခုမှ လျှပ်စစ်ဓါတ်အား စုစုပေါင်း (၁၅၀၀၀) မီဂါဝဂ် ထုတ်လုပ်ပြီး အများစုကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ ရောင်းချမည် ဖြစ်သည်။

ထို့ကြောင့် မြန်မာ၊ တရုတ်နှင့် ထိုင်းအစိုးရတို့ အပါအဝင် သံလွင်ရေကာတာ စီမံကိန်း ၆ ခုအားအကောင် အထည်ဖော်ရာတွင် ပါဝင်သော ကုမ္ပဏီများကို စီမံကိန်း ချက်ချင်း ရပ်ဆိုင်းရန် တိုက်တွန်းထားသည်။

၁၉၉၇ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ရေကာတာကြောင့် ဒုက္ခရောက်ခဲ့ရသည့် နိုင်ငံပေါင်း ၂၀ မှ ကိုယ်စား လျယ်များ စုဝေး၍ ဘရာဇီးနိုင်ငံတွင် နိုင်ငံတကာ အစည်းအဝေး ကျင်းပခဲ့သည့် နေ့ကို ကမ္ဘာ့မြစ်ချောင်းများဆိုင် ရာ လှုပ်ရှားမှုနေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

Most read this week