ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲသော “ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဆိုင်ရာ ဥပဒေကြမ်း”ကို ဆွေးနွေးရန် ပြည်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးပိုက်ထွေးက မတ်လ ၆ ရက်က အမျိုးသားလွှတ်တော် တွင် တင်ပြခဲ့ရာ ကန့်ကွက်သူမရှိသဖြင့် လွှတ်တော်တွင် ဆက်လက်ဆွေးနွေးတော့မည်ဖြစ်သည်။
အဆိုပါ ဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်အမတ်များကို မတ်လ ၁၃ ရက်ထက်နောက်မကျဘဲ စာရင်းပေးရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကြေငြာခဲ့သည်။
ယင်းဥပဒေကြမ်းနှင့်ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူး(အသံလွှင့်)အဖြစ် တာဝန်ယူခဲ့ ဖူးသူ မကွေးတိုင်းမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက “အခုလို ဥပဒေပြဋ္ဌာန်းဖို့လုပ်တာ ကောင်းပါတယ် ။ ကျွန်တော်တို့နိုင်ငံမှာ ရုပ်သံတွေနဲ့ပတ်သက်ပြီး သီးသီးသန့်သန့်မရှိသေးဘူးလေ။ ကျွန်တော် ကြည့်မိသလောက်တော့ လုပ်ပိုင်ခွင့်တွေကို ဝန်ကြီးဌာနကပဲ ယူထားတာသိပ်ပြီး မတွေ့သလောက်ပါပဲ” ဟု မဇ္ဈိမကို ပြောသည်။
ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် ဆက်စပ်သည့် ဥဒေကြမ်းအားရေးဆွဲနိုင်ရန် ၂၀၀၅ ခုနှစ်ကတည်းက စတင်လေ့လာ ခဲ့ခြင်းဖြစ်သည်။
“ဒီဥပဒေကြမ်းအရဆိုရင်တော့ မီဒီယာရုပ်သံထဲမှာ ဖွံ့ဖြိုးတိုးတတ်လာဖို့ကို ပြဋ္ဌာန်းထားပါတယ်။ ပြီးတော့ ရုပ်မြင် သံကြားက မီဒီယာတွေက ဘာတွေ ဘယ်လိုတွေ လုပ်ငန်းတာဝန်တွေ လုပ်သင့်တယ်ဆိုတာလည်း ပါလာပါမယ်။ အဲ့ဒါတွေကို ပြဋ္ဌာန်းထားလို့ ဒီဥပဒေ ပေါ်လာပြီးရင်တော့ မြန်မာနိုင်ငံရဲ့ ရုပ်သံလုပ်ငန်းဆိုင်ရာ အသိုင်းအဝိုင်းက ချက်ချင်းကို ဖွံ့ဖြိုးတိုးတတ်လာလိမ့်မယ်လို့ ယူဆပါတယ်”ဟု ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက မဇ္ဈိမကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ပြောဆိုထားသည်။
မြန်မာနိုင်ငံတွင် ရုပ်မြင်သံကြား၊ ရေဒီယို စသော အသံလွှင့်မီဒီယာနှင့် ပတ်သက်သည့် သီးခြားဥပဒေများ မရှိဘဲ ၁၉၉၆ ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကော်မတီမှ ရေးဆွဲထားသည့် ရုပ်မြင်သံကြားနှင့် ဗွီဒီယို ဥပဒေတစ်ခုသာ ပြဋ္ဌာန်းထားသည်။
လက်ရှိတွင် ပုဂ္ဂလိက ရုပ်သံမီဒီယာ လုပ်ဆောင်နေသော ရွှေသံလွင်မီဒီယာနှင့် Forever (MRTV4) ကုမ္ပဏီနှစ် ခုသာ ရှိသေးသည်။
ထိုဥပဒေကြမ်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ အမေရိကန်နိုင်ငံမှ ပညာရှင်များ၊ မီဒီယာဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ ကျွမ်းကျင်သည့် UNESCO မှ တာဝန်ရှိသူများ၊ အခြား သက်ဆိုင်ရာ ဌာနများနှင့် ပညာရှင်များ ပူးပေါင်းကာ ရေးဆွဲထားခြင်းဖြစ်သည်။