မြန်မာနိုင်ငံသည် မြောက်ကိုရီးယားထံမှ သမားရိုးကျ စစ်လက်နက်များ ၀ယ်ယူဆဲဖြစ်သည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ မတ်လ ၅ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတစ်ရပ်ကို ကိုးကားလျက် အေပီသတင်းဌာနက ဖော်ပြသည်။
“ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ ပါ၀င်ပတ်သက်နေသော စစ်ရေးနှင့် လုံခြံုရေးဆိုင်ရာ အခြေအနေများ၂၀၁၃”ဆိုသည့် အစီရင်ခံစာတွင် “မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် ခပ်ကင်းကင်း နေစပြုလာသော်လည်း သမားရိုးကျလက်နက်များ ၀ယ်ယူသူအဖြစ် ရှိနေသေးသည်”ဟု ဖော်ပြထား သည်။
အဆိုပါအစီရင်ခံစာနှင့်ပတ်သက်၍ သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦးက ငြင်းဆိုလိုက်ပြီး အစိုးရသစ် လက်ထက်တွင် ယင်းကဲ့သို့ ၀ယ်ယူမှုမရှိတော့ဟုဆိုကာ ယခင်ကဝယ်ယူထားသည့် ပစ္စည်းများအတွက် ဆက်လက်ပတ်သက်မှုသာ ရှိနိုင်ကြောင်း ပြောသည်။
“ကျွန်တော်တို့က ကုလသမဂ္ဂ လုံခြံုရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာတယ်။ အရင်ကလုပ်ခဲ့တာ မှန်တယ်။ ကျွန်တော်တို့ အစိုးရသစ်လက်ထက်မှာ မလုပ်တော့ဘူး။ ကျွန်တော်တို့က နည်းပညာတစ်ခု ၀ယ်တယ်ဆိုရင် နောက်ဆက်တွဲတွေရှိတယ်။ ကိုယ်ပိုင်မလုပ်နိုင်ခင်မှာတော့ အဲလိုမျိုး ရှိကောင်းရှိလိမ့် မယ်”ဟု ဆိုသည်။
“ဟိုးအရင်က ၀ယ်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အခု လျှော့ချပြီး အသစ်မဝယ်တော့ဘူး။ အရင်ဝယ် ထားတဲ့ အဟောင်းတွေအတွက် ပတ်သက်တာတွေတော့ ရှိနိုင်ပါတယ်”ဟု ပြောသည်။
မြောက်ကိုရီးယားထံမှ လက်နက်များမဝယ်ယူရန် မြန်မာနိုင်ငံကို အမေရိကန်အစိုးရက ဖိအားပေးလျက် ရှိနေသည့်အပြင် မြောက်ကိုရီးယား အနေဖြင့် မြန်မာနိုင်ငံသို့ ဒုံးကျည်နည်းပညာများ ထောက်ပံ့ခဲ့ကြောင်း အမေရိကန်အနေဖြင့် ယခင်က သံသယရှိခဲ့သည်ဟုလည်း မတ်လ ၆ ရက်က အေပီသတင်းဌာနတစ်ရပ် တွင် ဖော်ပြထားသည်။
အမေရိကန် ကွန်ဂရက်လွှတ်တော်သို့ တင်သွင်းသော နှစ်ပတ်လည်အစီရင်ခံစာထဲတွင် “မြောက်ကိုရီး ယားနိုင်ငံသည် စစ်လက်နက်ပစ္စည်းများ ရောင်းချမှု လွယ်ကူချောမွေ့စေရေးအတွက် ကမ္ဘာအနှံ့ ဖြန့် ကျက်ထားသော ကွန်ရက်တစ်ခုကို အသုံးပြုခဲ့သည်”ဟု ဖော်ပြထားသည်။
မြောက်ကိုရီးယားနိုင်ငံသည် သမားရိုးကျ လက်နက်များအပြင် ပဲ့ထိန်းဒုံးကျည်များနှင့် ဆက်စပ်နေသော ပစ္စည်းကိရိယာများ၊ အစိတ်အပိုင်းများနှင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီများကို အာဖရိက၊ အာရှနှင့် အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံအချို့ထံသို့ တင်ပို့ခဲ့ကြောင်းလည်း အစီရင်ခံစာထဲတွင် ရေးသားထား သည်။
မြောက်ကိုရီးယားက ရောင်းချခဲ့သည့် သမားရိုးကျလက်နက်များထဲတွင် ခဲယမ်းမီးကျောက်များ၊ လက် နက်ငယ်များ၊ အမြောက်များ၊ သံချပ်ကာယာဉ်များနှင့် မြေပြင်မှဝေဟင်ပစ် ဒုံးကျည်များ ပါ၀င်ကြောင်း ဆိုထားသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်သည် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း မြန်မာပြည်သို့ လာရောက်စဉ် နေပြည်တော်တွင် သမ္မတဦးသိန်းစိန်အပါအဝင် အစိုးရ ထိပ်တန်းအရာရှိ များနှင့်တွေ့ဆုံခဲ့ပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မြောက်ကိုရီးယားနှင့် စစ်ဘက်ဆက် ဆံရေးမပြုလုပ်ရန် သတိပေးခဲ့သေးသည်။
အမေရိကန်သမ္မတ အိုဘားမား၏ ၂၀၁၂ နိုဝင်ဘာ၊ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာအစိုးရက မြောက်ကိုရီးယားနှင့် ဆက်ဆံရေးကို ဖြတ်တောက် သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။