တတိယအကြိမ် တိုင်းရင်းမီဒီယာ ညီလာခံကို ချင်းပြည်နယ်တွင် ကျင်းပမည်

တတိယအကြိမ် တိုင်းရင်းမီဒီယာ ညီလာခံကို ချင်းပြည်နယ်တွင် ကျင်းပမည်
by -
မဇ္ဈိမ

နိုင်ငံတကာ မြန်မာ့သတင်း(BNI) က ဦးစီးကျင်းပသည့် တိုင်းရင်းသားမီဒီယာညီလာခံ၏ တတိယအကြိမ်မြောက် ညီလာခံကို ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ကျင်းပပြုလုပ်သွားမည်ဟု မတ်လ ၅ ရက်တွင် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။

ပထမအကြိမ်တိုင်းရင်းမီဒီယာ ညီလာခံကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ကို ရှမ်းပြည်နယ်တောင်ကြီးမြို့တွင် ကျင်းပဆဲဖြစ်ကာ တတိယအကြိမ် ညီလာခံကို ချင်းပြည်နယ်မြို့တော် ဟားခါးမြို့တွင်ကျင်းပရန် ညီလာခံ တက်ရောက်လာသူတို့က သဘောတူ ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။

“ချင်းပြည်နယ်မှာ ကျင်းပခွင့်ရတာ ကျွန်တော် အရမ်းဂုဏ်ယူပါတယ်။ ပြီးတော့ မီဒီယာညီလာခံလိုမျိုး ကျင်းပခွင့်ရတာ ဆိုတော့ ချင်းလူထုနဲ့ ချင်းပြည်နယ်အစိုးရလည်း မီဒီယာတွေဟာ ဘယ်လောက် အရေးပါလဲဆိုတာ သိခွင့်ရလာမယ်၊ ရင်းနှီးလာမယ်” ဟု Chin World သတင်းဌာနမှ အမှုဆောင်အရာရှိချုပ် ဦးဆလိုင်းမာန်က မဇ္ဈိမကိုပြောသည်။

Chin World သတင်းဌာနသည် ချင်းပြည်နယ်တွင် ဦးဆောင်လျှက်ရှိသည့် သတင်းဌာနများတွင် တစ်ခုအပါ အဝင်ဖြစ်ပြီး ချင်းပြည်နယ်၏ မြို့တော်ဟားခါးတွင် ကျင်းပမည့်တိုင်းရင်းမီဒီယာညီလာခံ ကျင်းပရေးအတွက် အဓိက တိုက်တွန်းခဲ့သည့် မီဒီယာတစ်ခုလည်းဖြစ်သည်။

ချင်းပြည်နယ်တွင် မြန်မာဘာသာဖြင့် ထုတ်ဝေသည့် Chin World, ချင်းဘာသာစကားဖြင့် ထုတ်ဝေသည့် Chinland Post, အွန်လိုင်းသတင်းဌာနဖြစ်သည့် ခူမီးမီဒီယာတို့ အပါအဝင် သတင်းဌာနပေါင်း ရ ခုကျော်မျှရှိပြီး ၂ဝ၁၅ တွင်ပြုလုပ်မည့် ညီလာခံကိုမူ မီဒီယာတစ်ခုတည်းက ဦးဆောင်သွားမည်မဟုတ်ဘဲ ချင်းပြည်နယ်ရှိ သတင်းသမားများ အားလုံးပါဝင် လုပ်ဆောင်သွားရန် ချင်းသတင်းဌာနများက ရည်ရွယ်ထားကြသည်။

“အားလုံးသဘောတူညီကြတာဆိုတော့ ဒီဆုံးဖြတ်ချက်ကို ကျွန်တော့်အနေနဲ့ လေးစားတယ်။ ချင်းပြည်နယ် မှာလုပ်တဲ့အတွက် သူ့ရဲ့ အားနည်းချက်တွေ၊ အားသာချက်တွေကိုလည်း သတင်းသမားတွေအနေနဲ့ မြင်တွေ့ခွင့်ရှိလာမယ်” ဟု တိုင်းရင်းမီဒီယာ ညီလာခံ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းမင်းလတ်က မဇ္ဈိမကို ပြောသည်။

ချင်းပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ရန်ကုန်မှ ချင်းပြည်နယ်၊ ဟားခါးသို့ နာရီ ၂ဝ ကျော်မျှ ကားစီးသွား ရမည်ဖြစ်ပြီး တည်းခိုရန်နေရာ အခက်အခဲများလည်း ရှိနိုင်ကာ ချင်းမီဒီယာများနှင့် နိုင်ငံတကာ မြန်မာသတင်း(BNI) တို့ကလည်း ပူးပေါင်း ဆွေးနွေးသွားရန် စီစဉ်ထားကြသည်။

Most read this week