ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်အတွင်းရှိ သမီးကလေးကျေးရွာကို သွားရောက် သတင်းယူသည့် သတင်းသမားများကို လှည်းကူး-ပဲခူးလမ်းဆုံအနီးရှိ ရ.က.သ၂ တပ်၏ လုံခြံုရေးယူထားသော စစ်သားများက တားဆီးပြီး သတင်းသမားများတွင် ပါလာသည့် ကင်မရာများကို လုကာ ဓာတ်ပုံများ ဖျက်ပစ်ခဲ့သည်ဟု သမီးကလေးကျေးရွာကို သွားရောက် သတင်းယူသည့် ဓာတ်ပုံသတင်းထောက် ကိုအောင်မြင်ရဲဇော်က မဇ္ဈိမကိုပြောသည်။
"ကျွန်တော်တို့ကားတွေက နောက်မှာ လူကလည်းများတယ်ဗျာ။ ကင်မရာတွေလည်းပါတော့ တားတယ်။ အဲဒါနဲ့ ဘယ်သွားမလဲ မေးတော့ ကျွန်တော်တို့က ဒုက္ခသည်တွေနေတဲ့ ဘုန်းကြီးကျောင်းကို သွားမလို့လို့ ပြောတယ်။ အဲဒီ့လမ်းက ခါတိုင်းသာမာန် သွားလို့ရတယ်ဗျာ။ အဲဒါနဲ့ ဘယ်သူတားတာလဲမေးတော့ မင်းတို့ကို ဘယ်သူတားလဲ ပြောရမှာလား။ မင်းတို့က ဘာကောင်မို့လို့လဲနဲ့မေးတယ်။ အဲချိန်မှာ အထဲက ကင်မရာသမား တွေက ဓာတ်ပုံလှမ်းရိုက်ကြတယ်။ လှမ်းရိုက်တော့ လက်ထဲက ကင်မရာတွေကို လုပြီး ကတ်တွေဘာ တွေဖျက်တယ်။ ပုံတွေဖျက်တယ်"ဟု သူက ရှင်းပြသည်။
ထိုအပြင် ရ.က.သ ၂ တပ်က လုံခြံုရေးတပ်က သတင်းသမားများ စီးနင်းလိုက်ပါလာသည့် ကားများကို စစ်တပ်တွင်းသို့ မောင်းရန် ပြောသဖြင့် ကားပေါ်တွင် ပါလာသော ဆရာဝန်များက ကြားဝင်ဖြေရှင်းသဖြင့် ဆက်လက် ရန်ရှာခြင်း မပြုလုပ်တော့သော်လည်း ကားများကို သမီးကလေးရွာသို့ သွားရောက်ခွင့်မပြုဘဲ လှည့်ပြန်ခဲ့ရသည်ဟု ပြောသည်။
လှည်းကူးမြို့နယ်အတွင်းရှိ သမီးကလေးရွာကို စစ်တပ်က ဘိုဒူဇာများ ထိုးကာ ရွာဖျက်ခံရသဖြင့် ကျေးရွာအနီး ကြီးလေးကြီးလမ်း မိုင်တိုင် အမှတ် ၃၀/၂ရှိ အောင်သိဒ္ဓိကျောင်းတိုက်တွင် ယာယီဒုက္ခသည်စခန်းဖွင့်ထား သည်ကို သတင်းသွားရောက်ယူရန်နှင့် ဒုက္ခသည်များကို ဆေးဝါးများပေးရန် ဆရာဝန်အချို့နှင့် သတင်း သမားများက သွားရောက်ခြင်းကို ယခုကဲ့သို့ တားမြစ်လိုက်ခြင်းဖြစ်သည်ဟု တားဆီးခံခဲ့ရသည့် သတင်းထောက်များက ပြောသည်။
ထိုသို့ အခက်အခဲများကြောင့် ရန်ကုန်တိုင်းသတင်းစာ၏ သတင်းထောက်တစ်ဦးက ရန်ကုန်တိုင်း လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးတင်ဝင်းကို ဆက်သွယ်ကာ အကူအညီတောင်းခဲ့သော်လည်း သတင်းထောက်များ အမှန်တကယ် ဟုတ်မဟုတ် မယုံကြည်သဖြင့် မကူညီနိုင်ကြောင်းသာ ပြောခဲ့သည်ဟု ဆိုသည်။
"ကျွန်တော်တို့ကို စစ်တပ်က ရန်ရှာခံရတော့ ကျွန်တော်တို့က နယ်လုံဝန်ကြီးဆီ ဖုန်းဆက်ပြီး အကူအညီ လှမ်းတောင်းတာ။ အဲဒါ နယ်လုံဝန်ကြီးက သူ့ဆီကို မီဒီယာကနေ လှမ်းဆက်တယ်ဆိုတာကို အတည်မပြုနိုင် ဘူးပေါ့ဗျာ။ လမ်းဘေးက လူတစ်ယောက်ကလည်း သူ့ဆီကို ဆက်လို့ရတယ်ပေါ့ဗျာ။ အဲလိုပြောတာဗျ"ဟု နာမည်ကြီး နေ့စဉ်သတင်းစာ တစ်စောင်၏ ဓာတ်ပုံသတင်းထောက်က မဇ္ဈိမကိုပြောသည်။
ထိုသတင်းနှင့် ပတ်သက်၍ အတည်ပြုရန် လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးဝင်တင်းကို မဇ္ဈိမက ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။
သတင်းယူရန် သွားရောက်သည့်အထဲတွင် Sky Net၊ MNTV၊ 7 Day၊ Eleven Media Group၊ စံတော်ချိန်၊ ရန်ကုန်တိုင်း၊ သမဂ္ဂ၊ မြန်မာပို့စ်အပါအဝင် မီဒီယာ ၁၀ခုကျော် ပါဝင်ပြီး ရှေ့ဆုံးကသွားပြီး လူအနည်းငယ်သာ ပါသည့် Eleven Media Group ၏ ကားတစ်စီးသာ ဒုက္ခသည်များရှိရာ ဘုန်းကြီးကျောင်းသို့ သွားရောက် ခဲ့ရသည်။