ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၂ပါ ပြဋ္ဌာန်းချက်အား ဆန့်ကျင်နေသည့် ပညာရေးဝန်ကြီးဌာန၏ ၂၀၁၄- ၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ တိုင်းရင်းသားစာပေကို ကျောင်းပြင်ပ၌သာ သင်ကြား ခွင့်ပြုသည့် မူဝါဒအပေါ် “ဗမာ တစ်ကျပ်၊ တိုင်းရင်းသားတစ်ကျပ်” ဟူသည့် သာတူညီမျှဖြစ်ရေးအတွက် လိုအပ်နေကြောင်း ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၃) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးပေါလ် ထန်ထိုင်းက ပြည်ထောင်စု အစိုးရသို့ လွှတ်တော်မှတစ်ဆင့် ဝေဖန်ထောက်ပြခဲ့သည်။
“ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ ဦးနု အစိုးရလက်ထက်မှာလဲ တိုင်းရင်းသား စာပေကို မူလတန်းအဆင့်အထိ ကျောင်းတွင်းမှာ သင်ယူခွင့်ပေးခဲ့တယ်။ တစ်ကျပ်သား အပြည့်ပဲ၊ ဗမာတစ်ကျပ် တိုင်းရင်းသား တစ်ကျပ် ပဲ၊ ဆိုရှယ်လစ်ခေတ် ဦးနေဝင်း လက်ထက်မှာတော့ မူလတန်းအောက် အဆင့်မှာပဲ သင်ခွင့်ပေးခဲ့တယ်၊ တစ်ကျပ်သား မပြည့်တော့ဘူး။ အခု ဒီမိုကရေစီ အစိုးရလက်ထက်ရောက်မှ မူလတန်း အောက်ဆင့်မှာပဲ သင်ခွင့်ပေးတယ်၊ ကျောင်းချိန်ပြင်ပမှာပဲ သင်ခွင့်ပြုတယ်ဆိုတော့ တစ်မတ်သားတောင် မကျန်တော့ဘူး၊ ဒီတော့ ဦးနု ဒီမိုကရေစီနဲ့ ဦးသိန်းစိန် ဒီမိုကရေစီ မတူဘူးလား” ဟု ၎င်းက ပြည်ထောင်စု လွှတ်တော် နဝမပုံမှန် အစည်းအဝေး သတ္တမနေ့တွင် ၂၀၁၄-၂၀၁၅ အမျိုးသားစီမံကိန်း ဥပဒေကြမ်းအား ထောက်ပြ ဆွေးနွေးရင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၂ တွင် “နိုင်ငံတော်သည် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီမည်” ဟု ပြဋ္ဌာန်းထားကြောင်း၊ ယခုကဲ့သို့ ကျောင်းတွင်း၌ သင်ခွင့်မပြုတော့ခြင်းမှာ ကူညီမည်ဆိုသော ပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်နေကြောင်း၊ ဤသို့ တိုင်းရင်းသား စာပေကို တစ်ကျပ်သားအပြည့် သင်ယူခွင့်မရသည်ကို သမ္မတကြီးနှင့် ဒုတိယသမ္မတ ဒေါက်တာစိုင်း မောက်ခမ်းတို့ မသိကြလေသလောဟု ၎င်းက ဖြည့် စွက်ပြောခဲ့သည်။
ထို့အပြင် “ပြည်ထောင်စုအစိုးရက ၀န်ကြီးတွေက ပြည်သူတွေအတွက် လုပ်သင့်တာတွေကို ပြည်သူတွေ က မတောင်းဆိုလည်း လုပ်ပေးရမှာပါ၊ တောင်းဆိုမှ လုပ်ပေးမယ်ဆိုတာကတော့ ကျွန်တော်တို့ ပြည်သူတွေ ဟာ သူတောင်းစားတွေနဲ့ တူနေတော့ မှာပါ” ဟုလည်း ၎င်းက ဆက်ပြောသည်။
ပုဒ်မ ၂၂တွင် ပါ၀င်သည့် ကူညီဆောင်ရွက်ခြင်းမျိုး မလုပ်ပေးနိုင်ပါက ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိစ္စရပ်များကို အကောင်အထည်ဖော်ရာတွင် အခက်အခဲရှိကြောင်း နှင့် တိုင်း ရင်းသားများအကြား မှန်ကန်သော အတွေးအမြင်၊ မှန်ကန်သော ယုံကြည်မှုလည်းရှိနိုင်မည် မဟုတ်ကြောင်း၊
လွတ်လပ်ရေးမရခင် ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သည့် “အေးအတူ-ပူအမျှ၊ မရှိအတူ-ရှိအတူ၊ ဗမာတစ်ကျပ်-တိုင်းရင်းသား တစ်ကျပ်”ဟူသည့် အလွန်ကောင်းမွန်သည့် မူဝါဒကို မမေ့အပ်ဘဲ အကောင် အထည် ဖော်ကြစေလိုကြောင်းလဲ ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။
မွန်ပြည်နယ် ရေး မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိမြင့်သန်းကလည်း “ပညာရေးဝန် ကြီးဌာနရဲ့ မူဝါဒထဲမှာ တိုင်းရင်းသားဘာသာစကားကို မူလတန်းအောက်အဆင့် ကျောင်းတွင်းမှာဖြစ်စေ၊ ကျောင်းချိန်ပြင်ပမှာဖြစ်စေ သင်ကြား နိုင်ဖို့ချမှတ်ခဲ့ပေမယ့် လက်တွေ့မှာ ကျောင်းချိန်ပြင်ပတွင် ခွင့်ပြုတယ်လို့ အတိအလင်း ဖော်ပြထားခြင်းဟာ မဖြစ်သင့်ပါဘူး” ဟု ထောက်ပြဆွေးနွေးခဲ့သည်။
တိုင်းရင်းသားစာပေအပေါ် နိုင်ငံတော်က တာဝန်မယူ၊ လျစ်လျူရှုခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာ မြင့်ခဲ့ကြောင်း၊ တိုင်းရင်းသားစာပေ အပါအဝင် ပညာရေးကို လျစ်လျူရှုခဲ့သည်မှာလဲ အလားတူဖြစ်သော ကြောင့် ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံ၏ ပညာရေးအဆင့် လွန်စွာနိမ့်ကျနေမည်ကို အများအသိပင်ဖြစ် ကြောင်း၊ ထို့ကြောင့် ယခုပညာရေးဝန်ကြီး ဌာန၏ အမျိုးသားစီမံကိန်းဥပဒေကြမ်းတွင် တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ်များတွင် တိုင်းရင်းသားများ၏ စာပေ၊ ဘာသာစကား တစ်ခုခုဆိုသည်ကို ဖြုတ်လျက် အလယ်တန်းအဆင့်တွင် ကျောင်းချိန်အတွင်း မသင်မနေရဟု သတ်မှတ်ပေး နိုင်ရန်လည်း သူမက အကြံ ပြုပြောကြားခဲ့သည်။