မြစ်ဆုံကဲ့သို့သော စီမံကိန်းများ ပါ၀င်သည့် ယခင်စစ်အစိုးရလက်ထက် စီးပွားရေးစာချုပ်များ ဆက်လက် အသက်ဝင်ဆောင်ရွက်လျက်ရှိသကဲ့သို့ အကောင်အထည်ဖော်ရန် ပြဿနာ တစ်စုံတစ်ရာမရှိ၍ပြန်လည် ဆန်းစစ်ရန်မလိုဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ခင် စန်းရီက ဇန်နဝါရီ ၁၆ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြောသည်။
ချောက်မဲဆန္ဒနယ်မှ ဦးသိန်းလွင်က ယခင်အစိုးရလက်ထက် ပြည်တွင်း၊ ပြည်ပ သဘောတူထားခဲ့သည့် နားလည်မှု စာချွန်လွှာများ၊ သဘောတူစာချုပ်များ၊ စီးပွားရေး စာချုပ်များအပေါ် ပြည်သူ့အကျိုးစီးပွားပိုမို ဖြစ်ထွန်းစေရေး ပြန်လည်သုံးသပ်ရန် ရှိ၊မရှိ မေးမြန်းရာတွင် ၎င်းက ယင်းသို့ ပြောခြင်းဖြစ်သည်။
“လက်ရှိ အသက်ဝင်လျက်ရှိနေသည့် စာချွန်လွှာများ၊ နားလည်မှု စာချွန်လွှာများနှင့် သဘောတူစာချုပ်များ အကောင်အထည်ဖော်ရာတွင် ပြဿနာတစ်စုံတစ်ရာ မရှိပါ၍ ပြန်လည်ဆန်းစစ်ရန် မလိုပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါတယ်”ဟု ဒေါ်ခင်စန်းရီက ဆိုသည်။
အဆိုပါ သဘောတူစာချုပ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိသေးချိန်၊ ငွေကြေးမပြည့်စုံချိန်၊ စီးပွားရေး ပိတ်ဆို့မှုကြံုတွေ့နေရချိန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေများမပြဋ္ဌာန်း နိုင်သေးချိန်တွင် ချုပ်ဆိုခဲ့ခြင်းဖြစ်၍ လက်ရှိအခြေအနေများ၊ ပြဋ္ဌာန်းပြီးသည့် ဥပဒေများနှင့် ကိုက်ညီမှု ရှိမရှိ ပြန်လည်စိစစ်ရန် လိုအပ်မည်ဟူ၍ ဦးသိန််းလွင်က မေးမြန်းခြင်းဖြစ်သည်။
“ပြဋ္ဌာန်းပြီးတဲ့ ဥပဒေများနှင့် လိုက်လျောညီထွေစွာ ပြင်ဆင်ကျင့်သုံးခြင်းသည် တရားဥပဒေစိုးမိုးရေးကို လိုက်နာတာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
ထို့အပြင် ပြည်တွင်း၌လုံလောက်မှု မရှိသည့် မြန်မာ့ကမ်းလွန် ပင်လယ်ပြင်မှထွက်ရှိသည့် သဘာဝဓာတ်ငွေ့ များ ပြည်ပသို့ပိုမိုတင်ပို့နေခြင်းကို ပြန်လည်ဆွေးနွေးညှိနှိုင်းရန်လိုသည်ဟုလည်း ဦးသိန်းလွင်က တိုက်တွန်း သည်။
ဒုတိယဝန်ကြီး၏ ဖြေကြားမှုအပြီး မေးခွန်းရှင်က လက်ပံတောင်း၊ မြစ်ဆုံကဲ့သို့သော စီးပွားရေးစာချုပ် များသည် ပြဿနာ တစ်စုံတစ်ရာမရှိသည့် စာချုပ်တွေမဟုတ်သဖြင့် ပြောင်းလဲလာသည့် ခေတ်စနစ်၊ ဥပဒေ များနှင့်အညီ ပြန်လည်သုံးသပ်ရန် ရှိမရှိ ထပ်မံမေးမြန်းရာ ဒုတိယဝန်ကြီးက “အခြားဝန်ကြီးဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်သွားပါမယ်” ပြန်လည်ဖြေကြားခဲ့သည်။
ပြည်သူများကန့်ကွက်ခဲ့သဖြင့် နိုင်ငံတော် သမ္မတကိုယ်တိုင် လုပ်ငန်းဆောင်ရွက်မှု ရပ်ဆိုင်းထားရန် ဆုံး ဖြတ်ထားသည့် မြစ်ဆုံစီမံကိန်း အပါအဝင် စစ်အစိုးရလက်ထက် စီမံကိန်းများကို ပြဿနာတစ်စုံတစ်ရာ မရှိ၍ ပြန်လည်ဆန်းစစ်ရန် မလိုဟု ပြည်ထောင်စုအစိုးရအဖွဲ့ ဒုတိယဝန်ကြီးတစ်ဦးက လွှတ်တော်မှတဆင့် ထုတ်ဖော်ပြောဆိုခဲ့ပြီးမှ သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်မည်ဟု ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံ CPI ကုမ္ပဏီနှင့် ချုပ်ဆိုခဲ့သော မြစ်ဆုံစီမံကိန်းအပေါ် ပြည်သူတို့ အပြင်းအထန် ကန့်ကွက်ခဲ့ သဖြင့် ဦးသိန်းစိန်က ၎င်း၏သမ္မတသက်တမ်းကုန်ဆုံးချိန် ၂၀၁၅ ခုနှစ်အထိ လုပ်ငန်းဆောင်ရွက်ခြင်း မပြုဟု ဆုံးဖြတ်ထားပြီး ဖြစ်သည်။
ယခင်အစိုးရလက်ထက်တွင် အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ တာဝန်ခံ ချုပ်ဆိုခဲ့သည့် စာချုပ်ပေါင်း ၉၁ ခုရှိပြီး မဆောင်ရွက်ရသေးသည့် စာချုပ် ငါးခုရှိနေသေးသည်ဟု ဒုတိယ ၀န်ကြီး၏ ပြောဆိုချက်၌ ပါ၀င်သည်။
ထို့ပြင် အခြားသော ၀န်ကြီးဌာနများ ချုပ်ဆိုခဲ့သည့် စာချုပ်ပေါင်း ၉၈၂ ခုအထိ ရှိနေပြီး ၈၂၁ ခုမှာ ဆောင် ရွက်ဆဲအခြေအနေ၌သာ ရှိနေသည်။