တိုင်းရင်းသားများကို ကိုယ်စားလှယ်လောင်းဦးစားပေးရွေးမည်ဟု ဒေါ်စုပြော

တိုင်းရင်းသားများကို ကိုယ်စားလှယ်လောင်းဦးစားပေးရွေးမည်ဟု ဒေါ်စုပြော
by -
မဇ္ဈိမ

လာမည့် ရွေးကောက်ပွဲအတွက် NLD  ၏ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် အရည်အချင်းကို အဓိကထား ဆုံးဖြတ်သွားမည်ဖြစ်ပြီး ကွာခြားမှုမရှိပါက တိုင်းရင်းသားတို့ကို ဦးစားပေးရွေးချယ်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မဇ္ဈိမကိုပြောသည်။

“အခု ဗဟိုအလုပ်အမှုဆောင်တွေထဲမှာရော၊ ဗဟိုကော်မတီမှာရော၊ ကိုယ်စားလှယ်တွေထဲမှာရော အများစုက ဗမာတွေ ရှိနေတယ်။ အဲဒီတော့ အရည်အချင်းခြင်း သိပ်မကွာဘူးဆိုရင် တခြားတိုင်းရင်းသားတွေနဲ့ ဗမာဆိုလို့ရှိရင် တိုင်းရင်းသားတွေကို ဦးစားပေးမယ်” ဟု နေပြည်တော် လွှတ်တော်ဝင်းအတွင်း မီဒီယာ များနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရွေးချယ်ရာတွင် ပြီးခဲ့သည့် ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ကျင့်သုံးခဲ့သည့် မူအတိုင်း အပြောင်း အလဲ လုပ်မည်မဟုတ်ဟု NLD ဥက္ကဋ္ဌက ပြောသည်။ အရည်ချင်းကို ဦးစားပေးမည်ဖြစ်ပြီး ၊ အမျိုးသမီး၊ လူငယ်၊ တိုင်းရင်းသားစသည့် အစဉ်လိုက်အတိုင်း ရွေးချယ်သွားမည် ဖြစ်သည်။

“တိုင်းရင်းသားကို နောက်ဆုံးမှာ စဉ်ထားတာ မဟုတ်ပါဘူး၊ အမျိုးသမီးတွေထဲမှာ၊ လူငယ်တွေထဲမှာ တိုင်းရင်းသားတွေလည်း ပါမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။

ပါတီဥက္ကဋ္ဌတစ်ဦးအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ရန် အကဲဖြတ်မှု အမြဲပြုလုပ်နေ သည်ဟုလည်း ၄င်းက အသိပေးသည်။ “ဘယ်သူတွေ အလားအလာရှိလဲ၊ ဘယ်သူတွေက ကိုယ်စားလှယ် လောင်းတွေ ဖြစ်နိုင်လဲ၊ ဘယ်သူတွေက ပိုပြီးတော့ ထိရောက်နိုင်သလဲ၊ ဒါတော့ တစ်ချိန်လုံး ရွေးနေပါ တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ကိုယ်စားလှယ်လောင်းများအတွက် သာမက ပါတီဝင် များအပေါ်တွင် မည်သူ့ကို မည်သည့်တာဝန် ပေးနိုင်မည်ဆိုသည်နှင့် တာဝန်ကျေပွန်မှုရှိ မရှိ သုံးသပ်အကဲ
ဖြတ်မှုများ ပြုလုပ်နေသည်ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာနောက်ဆုံးပတ်အတွင်း၌ လာမည့်အထွေထွေ ရွေးကောက်ပွဲအပြီး အစိုးရဖွဲ့နိုင်ရန် မဲဆန္ဒနယ်အားလုံး၏ ၈၀ရာခိုင်နှုန်း အနိုင်ရရေး ရည်ရွယ်ပြင်ဆင်နေသည်ဟု NLD ဗဟိုအလုပ် အမှု
ဆောင်များက မဇိ်္စျမကိုဖြေကြားဖူးသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီး အစိုးရဖွဲ့နိုင်ရန်အတွက် မဲဆန္ဒနယ်အားလုံး၏ ၈၀ ရာခိုင်နှုန်းခန့် အနိုင်ရရေး ရည်ရွယ်ကာ ကြိုတင်ပြင်ဆင်နေပြီဖြစ်ကြောင်း ဒီဇင် ဘာ၂၉ ရက်ကပြုလုပ်သည့် ပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း ကော်မတီဝင်အချို့က မဇ္ဈိမကို ပြောသည်။ NLD သည် မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံအပြီး စစ်အစိုးရ ကျင်းပပေးသည့် ၁၉၉၀ ပြည့် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံး၏ ရ၃ ရာခိုင်နှုန်းခန့် အနိုင်ရခဲ့သော်လည်း အစိုးရအဖြစ် ကိုယ်စားပြု ခွင့်မရခဲ့ပေ။