ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးရန်တင်သွင်းထားသည့် ငြိမ်း-စု-စီ ခေါ် ပုဒ်မ ၁၈၏ ပြင်ဆင်ချက် များအပေါ် အစိုးရအဖွဲ့ကမလိုလားကြောင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနကလည်း ကန့်ကွက်ထားကြောင်း၊ ၄င်း ပုဒ်မ ၁၈ ၏ ပြင်ဆင်ချက်များကို ပြည်သူ့လွှတ်တော်မှတစ်ဆင့် တင်သွင်းခဲ့သည့် ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ သူရ ဦးအောင်ကိုက မဇိ်္စျမကို ပြောသည်။
“ပုဒ်မ ၁၈ ပြင်ဆင်ချက်ကို အတည်ပြုနိုင်ဖို့အတွက် ကျွန်တော်အများကြီး ရုန်းကန်ရဦးမယ် ထင်တယ်၊ ပုဒ်မ ၁၈ ကို ပြစ်ဒဏ်လျှော့ပေါ့ ပြင်ဆင်ပေးလိုက်ရင် ပြည်သူတွေလမ်းပေါ်ထွက် ဆန္ဒပြမှုတွေပိုများလာနိုင်ပြီး ထိန်းသိမ်းရ ခက်ခဲနိုင်တယ်လို့ အစိုးရအဖွဲ့က မျှော်လင့်ထားပုံရတယ်၊” ဟု သူရ ဦးအောင်ကိုက ပြောသည်။
အုပ်ချုပ်ရေးမဏ္ဍိုင်က ဒီ ၁၈ကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို မလိုလားသလိုပြည်ထဲရေး ၀န်ကြီးဌာနကလဲ ကန့်ကွက်ထားပါတယ်” ဟု၎င်းက ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး ဒုတိယနေ့ ဇန်နဝါရီ ၁၄ ရက်တွင် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ငြိမ်း-စု-စီ ပုဒ်မ ၁၈တွင် အနည်းဆုံး ငါးရက်ကြိုတင်ခွင့်တောင်းရခြင်း၊ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေး မှူးရုံး၊ ရဲတပ်ဖွဲ့မှူးရုံးများက ခိုင်လုံသောအကြောင်းပြချက်မပေးဘဲ ခွင့်ပြုမိန့်တောင်းခံမှုကို ပယ်ချနိုင်ခြင်း၊ ခွင့်ပြုမိန့်မရဘဲ လုပ်ဆောင်ခဲ့လျှင် ထောင်ဒဏ် တစ်နှစ်အထိဖြစ်စေ၊ ဒဏ်ငွေကျပ် သုံးသောင်း ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်ပေါင်း ဖြစ်စေ ကျခံရခြင်းစသည့် လက်ရှိဥပဒေအရ ပြဋ္ဌာန်းချက်များသည် ဖွဲ့စည်းပုံ အခြေ ခံဥပဒေ ၃၅၄ က ပေးအပ်ထားသည့် နိုင်ငံသားတို့၏ အခွင့်အရေးများကို ဆုံးရှုံးစေကြောင်း၊ ထို့ကြောင့် ပုဒ်မ ၁၈ကို ပြင်ဆင်ရခြင်းဖြစ်ကြောင်းနှင့် ယခုပြင်ဆင်ချက်အသစ်တွင် ခွင့်ပြုမိန့် တောင်းခံခြင်းအစား အသိပေး အကြောင်းကြားစာ ပေးပို့ခြင်း၊ ပြစ်ဒဏ်အပိုင်းတွင်လည်း ထောင်ဒဏ်ကို ပယ်ဖျက်ပြီး ငွေဒဏ် သာချမှတ်စေခြင်း စသည်တို့ ပါ၀င်သည်ဟု သူရဦးအောင်ကိုက ထုတ်ပြန်ပြောကြားသည်။
ပုဒ်မ ၁၈၏ ပြစ်ဒဏ်နှင့် လုပ်ထုံးလုပ်နည်းတို့ကို ပြင်ဆင်ပြီးပါက အစိုးရအဖွဲ့က စိုးရိမ်နေသလို ဖြစ်လာ နိုင်မလား ဟူသည့် အမေးကိုလည်း ၄င်းက “ပုဒ်မ ၁၈ကို ပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ ၂၀၁၄- ၂၀၁၅ ကာလတွေမှာ ပြည်သူတွေဟာ သူတို့လိုလားတောင်းဆိုနေတဲ့ ဒီမိုကရေစီနဲ့ နိုင်ငံသားအခွင့်အရေး တွေရရှိဖို့၊ လယ်ယာမြေတွေ မတရားသိမ်းဆည်း ခံထားရတာတွေကို ပြေလည်အောင် ဖြေရှင်းပေးဖို့၊ တခြား ဖိနှိပ်ချုပ်ချယ်မှုတွေ၊ ပပျောက်အောင် လုပ်ဆောင်ပေးဖို့ စတာတွေကို သက်ဆိုင်ရာက မစီမံပေး နိုင်ဘူးဆိုရင် ဆန္ဒဖော်ထုတ်မှုတွေ ပိုများလာမှာပါပဲ” ဟု ဖြေကြားခဲ့သည်။
ဤသို့ ပုဒ်မ ၁၈ကို ပြင်ဆင်နိုင်ခဲ့လျှင် ရပ်ရွာအေးချမ်းရေးနှင့် တရားဥဒေစိုးမိုးရေးကို ထိန်းသိမ်းရန် အခက်အခဲ ရှိမရှိ ဆိုသည်နှင့် ပတ်သက်၍လည်း ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက ဤသို့ဖြေကြားခဲ့သည်။
“ ပုဒ်မ ၁၈ကို ဖြေလျှော့လိုက်ပေမယ့် တည်ဆဲ ဥပဒေတွေဖြစ်တဲ့ ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု ဥပဒေ ပုဒ်မ ၅(ည)၊ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်
သည့် ဥပဒေ၊ အများပြည်သူ အကျိုးပျက်စီးစေမှု ပြစ်မှုဆိုင်ရာ ပုဒ်မ ၅၀၅၊ အကြည်ညိုပျက်စေမှု ၁၂၄ (က)နဲ့ အမိန့်မနာခံမှု ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၈၈နဲ့ အခြားဥပဒေတွေ ရှိပါသေးတယ်၊ အဲဒီဥပဒေတွေနဲ့ တရားဥပဒေစိုးမိုးရေးကို အရေးယူကိုင်တွယ် ထိန်းသိမ်းနိုင်ပါတယ်။ အခုပုဒ်မ ၁၈ ငြိမ်း-စု-စီ မပြဋ္ဌာန်းခင် လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်လုံးလုံးမှာ အဲဒီပုဒ်မတွေနဲ့ပဲ ထိန်းချုပ်လာခဲ့တာပါ” ဟု ၄င်းက ပြောသည်။
တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ထိန်းချုပ်နိုင်သော အဆိုပါ ဥပဒေအများအပြား ရှိနေပြီး ဖြစ်ပါလျှက်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင် (၀ါ)အစိုးရအဖွဲ့သည် ယခု ပုဒ်မ ၁၈ ပြင်ဆင်ချက်များကို ဘာကြောင့် ကန့်ကွက်ရသနည်းဆိုသည့် မေးခွန်းအပေါ် ၄င်းက “ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄က နိုင်ငံသားတွေကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အပြည့်အဝပေးထားပါတယ်။ အဲဒါကို ပုဒ်မ ၁၈က ပြန်ထိန်းချုပ်ထားတယ်ဆိုတော့ ဒီမိုကရေစီနဲ့ နိုင်ငံသားအခွင့်အရေးကို အုပ်ချုပ်ရေးအဖွဲ့က အကန့်အသတ်နဲ့ တစ်ဆင့်ချင်းပဲပေးချင်တာကြောင့်လို့ ယူဆရမှာပဲ” ဟု ပြောသည်။
ပုဒ်မ ၁၈ ပြင်ဆင်ချက် ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်က အတည်ပြုနိုင်ရေးကိုမူ ၄င်းအနေ ဖြင့်အပြင်းအထန် ကြိုးပမ်းဆောင်ရွက်နေကြောင်းလည်း သိရသည်။