ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်အတွက် အခြေခံဥပဒေဟာ နိုင်ငံသားတိုင်းကို အခွင့်အရေး ပေးထားပြီးသားဖြစ်ကြောင်း၊ သို့ရာတွင် အဆိုပါ ငြိမ်း၊ စု၊ စီကို ဆောင်ရွက်နိုင်ရန် ခွင့်ပြုချက် ထပ်မံတောင်းခံနေရခြင်း၊ ၎င်းအတွက် ခွင့်ပြုပေးခြင်းစသည်တို့ မရှိသင့်ကြောင်း၊ ၎င်းအတွက် ခွင့်ပြုပေးသူ သည် ဥပဒေ၏အထက်သို့ ရောက်နေသလို အဓိပ္ပယ်ရနေကြောင်း ပုဇွန်တောင် မဲဆန္ဒနယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအောင်ဇင်က ပြည့်သူ့လွှတ်တော် ဥက္ကဌမှ တစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့ သို့ပြောကြားလိုက်သည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတို့ရဲ့ အခွင့်အရေးတွေမှာ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့် လည်ခွင့်တွေ ခွင့်ပြုထားပြီးဖြစ်ပါတယ်၊ နည်းဥပဒေတွေနဲ့လည်း ခွင့်ပြုထားပါတယ်၊ ဒါအတွက် ခွင့်ပြု မိန့်တောင်းခံရတာ၊ ခွင့်ပြုမိန့်ပေးခြင်း မပေးခြင်းတွေဟာမသင့်လျော်ဘူး၊ ဒါကိုခွင့်ပြုပေးတဲ့သူဟာလဲ ဥပဒေရဲ့ အထက်မှာရောက်နေတယ်” ဟု ၎င်းက ဇန်နဝါရီ ၁၃ ရက် နံနက်တွင် စတင်သည့် ပြည်သူ့ လွှတ်တော် နဝမပုံမှန်အစည်းအဝေး ပထမနေ့၌ ပြောကြားခြင်း ဖြစ်သည်။
ပြည်သူတို့က ငြိမ်း၊စု၊စီ ဆောင်ရွက်နိုင်ရန် ခွင့်ပြုမိန့် တောင်းခံခြင်းအစား မှတ်ပုံတင်ခြင်းကိုသာ လုပ်သင့် ကြောင်း၊ မှတ်ပုံတင်ပြီဆိုကတည်းက ပုဒ်မ ၁၈ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် နည်းဥပဒေများကို သိရှိ လိုက်နာမည်ဟု ကတိကဝတ်ပြုပြီး ဖြစ်ကြောင်း၊ အကယ်၍ ဆန္ဒဖော်ထုတ်ရာတွင် ဥပဒေစည်းကမ်း ချိုးဖောက်မှုများရှိပါက ထိရောက်စွာ အရေးယူနိုင်မှာဖြစ်ကြောင်း၊ ယခုအခါ၌ အခြေခံဥပဒေက ခွင့်ပြု ထားပြီး ဖြစ်သော်လည်း ခွင့်ပြုမိန့်တောင်းခံနေရခြင်း၊ ခွင့်ပြုမိန့်မရဘဲ ဆန္ဒပြမိသဖြင့် ထောင်ဒဏ်၊ ငွေ ဒဏ်များ အရေးယူခံရခြင်း စသည့် အခြေခံအခွင့်အရေးများ များစွာဆုံးရှုံးနေရကြောင်းလည်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။
ထို့အပြင် ဦးအောင်ဇင်က “ငြိမ်း၊စု၊စီ လျှောက်ထားကြရာမှာ ဥပဒေနဲ့နည်းဥပဒေများရဲ့ လိုအပ်ချက်များ ကို အပြည့်အစုံ ပူးတွဲတင်ပြပြီး အချိန်မီ လျှောက်ထားခဲ့ပါတယ်၊ ဘယ်လိုပဲ လျှောက်ထားခဲ့စေကာမူ ခွင့်ပြုချက် မကျတဲ့အတွက် ပြည်သူလူထုတို့ ဒီမိုကရေစီ အခွင့်အရေးတွေ များစွာဆုံးရှုံးနေကြရပါတယ်၊ ဒါကြောင့် ပုဒ်မ ၁၈ ဥပဒေကို ပြန်လည်စဉ်းစားသင့်ကြောင်းနဲ့၊ စဉ်းစားပြီး ပြုပြင်နိုင်ခြင်းရှိ၊ မရှိ ကို သိလို
ပါကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှ တဆင့် မေးမြန်းလိုပါတယ်” ဟုလည်း ပြည်ထောင်စု အစိုးရ သို့ ပြောကြားခဲ့သည်။
ပြည်ထောင်စုအစိုးရ အဖွဲ့ကိုယ်စား ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီးဦးကျော်ဇံမြင့်က “ဒီ ငြိမ်း၊စု၊စီ ဥပဒေကို ၂၀၁၁ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၅ အရ ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါတယ်၊ အခုလွှတ်တော်ကိုယ်စားလှယ်ကြီး ဆွေးနွေးတဲ့အချက်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုထား ပြီးသား ဖြစ်ပါတယ်၊ ဒါကြောင့် ပြည်ထောင်စုလွှတ်တော်ကပဲ ပြင်ဆင်ပြဋ္ဌာန်းမယ်ဆိုရင် အဲဒီဥပဒေ အတိုင်း လိုက်နာဆောင်ရွက် သွားပါ့မယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါ ပုဒ်မ ၁၈ နှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့်တရားစီရင်ရေး ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက “အခြေခံဥပဒေက နိုင်ငံသားတွေရဲ့ လွတ်လပ်စွာပြောဆို၊ ရေးသား၊ ဖော်ထုတ်ခွင့်ဆို တဲ့ မူလအခွင့်အရေးကို ပေးထားပြီးသားပါ၊ ဒီအဆိုကိုလဲ လွှတ်တော်က လက်ခံအတည်ပြုပြီးပါပြီ၊ဆက် ပြီးဆွေးနွေးသွားဖို့လဲ ရှိပါတယ်၊ ဒီ ပုဒ်မ ၁၈ ကို မပြင်ဖို့ဆိုပြီး ကျွန်တော့်ကို အဘက်ဘက်က ဖိအားပေး
နေတာတွေလဲ ရှိပါတယ်၊ ဒီပုဒ်မကို ဘာပြင်လိုက်ရင် လူတွေအားလုံးလမ်းပေါ် ရောက်ကုန်တော့မှာပဲလို့ အစိုးရအဖွဲ့ဘက်က ပြောနေသူတွေလဲရှိပါတယ်၊ ကျွန်တော်ကတော့ လုံးဝ အလျှော့မပေးဘဲ ဆက်ကြိုး
ပမ်းသွားမှာပါ” ဟု မဇ္ဈိမသို့ ဖြေကြားခဲ့သည်။
ပြီးခဲ့သည့် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးက သူရဦးအောင်ကို တင်သွင်းခဲ့သော ပုဒ်မ ၁၈ အားပြင်ဆင်ရေး အဆိုကို လက်ခံဆွေးနွေးရန် အတည်ပြုခဲ့သည့်အတွက် ယခုစတင်နေသည့် နဝမပုံမှန် အစည်းအဝေးရက်များတွင် အမျိုးသားလွှတ်တော်သို့ လည်းကောင်း၊ ထိုမှတစ်ဆင့် ပြည်ထောင်စု လွှတ် တော်သို့လည်း ဆက်လက်တင်သွင်း ဆွေးနွေးသွားနိုင်ဖွယ်ရှိကြောင်း သိရသည်။