တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် NCCTနှင့် နိုင်ငံတကာ တတ်သိပညာရှင်များ အလုပ်ရုံဆွေး နွေးပွဲတစ်ခုကို ကျင်းပလျှက်ရှိပြီး ဒုတိယနေ့တွင် အပစ်အခတ်ရပ်စဲရေးအတွက် စောင့်ကြည့်လေ့လာရေးနှင့် စစ်ကျင့်ဝတ်စည်းကမ်းများကို ဆွေးနွေးခဲ့သည်ဟု NCCT ၏ ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ပြောသည်။
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)က ဦးဆောင်ကျင်းပသည့် ထိုအလုပ်ရုံ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဇန်နဝါရီ ၉ ရက်နေ့က စတင်ကာ ပြုုလုပ်လျှက်ရှိပြီး မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို နှိုင်းယှဉ်ပြီး နိုင်ငံတကာ အတွေ့အကြံု ရယူနိုင်ရန် ပြုလုပ်ခြင်းဖြစ်သည်။
“စောင့်ကြည့်လေ့လာရေး လုပ်ငန်းတွေ ဘယ်လိုလုပ်မလဲ။ ဘယ်လိုပုံစံနဲ့ လုပ်မလဲ၊ ဘယ်လို ပူးပေါင်း ဆောင်ရွက်မလဲ။ ဘယ်အဆင့်မှာ လုပ်မလဲ။ ဘယ်သူတွေပါဝင်မယ်ဆိုတာတွေ ဆွေးနွေးတယ်။ ကျင့်ဝတ် စည်းကမ်းတွေ လက်နက်ကိုင်တွေရဲ့ အပစ်အခတ် ရပ်စဲဆိုင်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း ကျင့်စဉ်တွေကို ညှိနှိုင်းဆွေးနွေးတာပဲ”ဟု ပဒိုကွယ်ထူးဝင်းက မဇ္ဈိမကိုပြောသည်။
ထိုအလုပ်ရုံဆွေးနွေးပွဲမှ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များကို အခြေခံ၍ လက်နက်ကိုင် အဖွဲ့အစည်းများ၏ ကျင့်ဝတ်စည်းမျဉ်းစည်းကမ်းများ ထွက်ပေါ်လာမည်ဟုလည်း ဆိုသည်။
“ကျွန်နော်တို့ NCCT တာဝန်က တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေးကို ညှိနှိုင်းဆွေးနွေး ရယူသွားဖို့၊ ခိုင်မာဖို့နဲ့ တိုင်းရင်းသားဘက်မှလည်း အာမခံချက်ရှိတဲ့ တွေ့ဆုံ ဆွေးနွေးပွဲဖြစ်ဖို့အတွက်လုပ်တာ ဒီဆွေးနွေးပွဲကနေ စောင့်ကြည့်လေ့လာရေး၊ ကျင့်ဝတ်စည်းကမ်းတွေ ထွက်လာမယ်။ အဲဒါတွေကို အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်မှာ အခြေခံပြီးတော့ ရေးတယ်”ဟု သူက ဆက်ပြောသည်။
မကြာမီ NCCT နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ၏ နည်းပညာအထောက်အကူပြု အလုပ်အဖွဲ့နှင့်လည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘော ထပ်မံ တွေ့ဆုံမည် ဖြစ်သည်။ သို့သော် မည်သည့်နေ့ တွေ့ဆုံမည်ကို ရက်မသတ်မှတ်ရသေးဟု ဆိုသည်။
နည်းပညာအထောက်အကူပြုအဖွဲ့မှ ဒုတိယဝန်ကြီး ဦးအောင်သိန်း ဦးဆောင်၍ ဒေါက်ကျော်ရင်လှိုင်၊ ဒေါက်မင်းဇော်ဦး၊ ဦးသီဟမျိုးညွန့်နှင့် ဦးညိုအုန်းမြင့်တို့ ၅ဦးသည် ဇန်နဝါရီလ ၉ ရက်တွင် ချင်းမိုင်မြို့သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဦးညိုအုန်းမြင့်က ပြောသည်။
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က ဝန်ကြီး ဦးအောင်မင်းနှင့် NCCT အဖွဲ့တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းအပေါ် ၈၀ ရာခိုင်နှုန်း သဘောတူညီမှု ရရှိပြီဟု နှစ်ဖက်ကိုယ်စားလှယ်များက သတင်းများက ပြောဆိုထားသည်။
လာမည့် ဇန်နဝါရီလ ၂၀ ရက်နေ့တွင်လည်း ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေ လေးဝါး (ခေါ်) လောခီးလာစခန်းတွင် တိုင်းရင်းသားများ၏ ဒုတိယအကြိမ် ညီလာခံ သုံးရက်တာ ကျင်းပ၍ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုများကို အတည်ပြုကြမည် ဖြစ်သည်။
ထို့အပြင် ဇန်နဝါရီလ ၂၄ မှ ၂၅ ရက်မှာ ကရင်ပြည်နယ် ဘားအံမြို့တွင် တိုင်းရင်းသားများနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီတို့ ထပ်မံ ဆွေးနွေးပွဲကာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရန် ရက်စွဲ သတ်မှတ်နိုင်သည်အထိ ဆွေးနွေးမည်ဖြစ်ကြောင်း ဝန်ကြီး ဦးအောင်မင်းက ယခင်ကကို မဇ္ဈိမပြောခဲ့သည်။