တိုင်းရင်းသားလက်နက်ကိုင်များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဘုံသဘောထားရပ်တည်ချက်ပါ အချက်များကို ထပ်မံဖြည့်စွက်မှုများ ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာလအတွင်း ဘားအံတွင်ပြုလုပ် မည့် တိုင်းရင်းသား ခေါင်းဆောင်များ စည်းဝေးပွဲတွင် အတည်ပြုသွားမည်ဖြစ်သည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင်ပြုလုပ်သော တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့NCCT ၏ နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်ထိ သုံးရက်ကြာ အစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဘုံသဘောထားရပ်တည်ချက်များကို ပြန်လည် ဖြည့်စွက်ခဲ့ ခြင်းဖြစ်သည်။
“လိုင်ဇာကွန်ဖရင့်ကနေ ကျွန်တော်တို့ကို တာဝန်ပေးတဲ့အတိုင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း အောက်လိုင်းထုတ်တာကတော့ ရတဲ့အပိုင်းကတော့ ပြီးတယ်။ ရလဒ်ဆိုတာထက် ဒီအပစ်အခတ်ရပ်စဲရေးမူကြမ်းကတော့ တော်တော်ပြည့်ပြည့်စုံစုံ ရေးပြီးပါပြီ”ဟု NCCT ဒုတိယခေါင်းဆောင် လည်းဖြစ် ကချင်လွတ်လပ်ရေးအဖွဲ့၏ ဒုတိယစစ်ဦးစီးချုပ်လည်းဖြစ်သူ ဗိုလ်ချုပ်ဂွန်မော်က မဇ္ဈိမကို ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်တို့၏ လိုင်ဇာဆွေးနွေးပွဲအပြီး နိုဝင်ဘာ ၂ ရက် ထုတ်ပြန်ချက်တွင် အချက် ၁၁ ချက် ပါ၀င်သည်။ အဆိုပါအချက်များကို ပြန်လည်စိစစ် ဖြည့်စွက်ကြခြင်းဖြစ်သည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဘုံသဘောထားရပ်တည်ချက်များကို ထပ်မံဖြည့်စွက်ချက်များပြုလုပ်မှုကို တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တို့က ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း ပြီးပြည့်စုံအောင် ဖြည့်စွက်မှုများ ပြုလုပ်ပြီးဖြစ်သည်ဟုလည်း NCCT ၏ ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။
“တိုင်ရင်းသားလက်နက်ကိုင်တွေ ဘယ်လို ရပ်တည်မလဲ၊ ဘာတွေတောင်းဆိုမလဲဆိုတဲ့ သဘောတူညီချက်ကို ပိုပြီး ပြည့်စုံအောင် ကျွန်တော်တို့ ပြင်ဆင်ဖြည့်စွက်ရေးထားတာပဲ၊ နောက် ရှေ့လုပ်ငန်းစဉ်ဆို တာက ကေအင်န်ယူဒေသမှာ အစည်းအဝေးလုပ်မယ့်ကိစ္စ၊ ဘားအံမှာ တွေ့မယ့်ကိစ္စ၊ ကျွန်တော်တို့ အတွင်းမှာ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို ညှိနှိုင်းတယ်”ဟု မဇ္ဈိမကို ပြောသည်။
ထို့အပြင် နို၀င်ဘာ ၂၆ ရက်မှ ယနေ့ နို၀င်ဘာ ၂၈ ရက်အထိ ကျင်းပသော ဆွေးနွေးပွဲအတွင်း အစိုးရဘက်မှ တင်ပြသော အပစ်အခတ်ရပ်စဲရေးမူကြမ်းမှ တချို့အချက်အလက်များ ပယ်ဖျက်ခဲ့ကြသည်ဟု နိုင်ဟံသာက နိုဝင်ဘာ ၂၈ ရက်က မဇ္ဈိမကို ပြောဆိုထားသည်။
NCCT ၏ ဆွေးနွေးမှုအပြီး နိုဝင်ဘာ ၂၈ ရက်က သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များ၏ မြန်မာပြည်ခရီးစဉ်သည် ငြိမ်းချမ်းရေးအတွက် ကောင်းမွန်ပြီး အကျိုးရှိသည်ဟု ရှုမြင်ကြောင်း UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောဆိုခဲ့သေးသည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ဖိတ်ကြားချက်အရ UNFC ခေါင်းဆောင်သုံးဦး အပါအဝင် အဖွဲ့ဝင် ငါးဦးသည် မြန်မာနိုင်ငံသို့ ယခုလ ၂၃ ရက်မှ ၂၆ ရက်နေ့ထိ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ သွားရောက်ခဲ့ပြီးနောက် နို၀င်ဘာလ ၂၈ ရက် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် သတင်းထောက်များအား ပြန်လည်ရှင်းပြ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“အကျိုးရှိတယ်လို့ မြင်တယ်။ တစ်ဖက်က ပြည်တွင်းမှာ တာဝန်ယူနေတဲ့ အစိုးရအပိုင်းမှာ ကျွန်တော်တို့နဲ့ ပိုပြီးတော့ ရင်းနှီးမှုရလာတယ်။ ပြောင်းလဲမှုတချို့ကိုလည်း ကျွန်တော်တို့ မျက်မြင်တွေ့ရတယ်။ ဒါပေ မဲ့ ကိုယ်ကြိုက်တဲ့ အဆင့်ထိတော့ မမီဘူး။ အဲဒီအနေအထားကို တွေ့ရတယ်။ ကျွန်တော်တို့တွေ့ချင်တဲ့ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးခွင့်ရတော့ ကောင်းမွန်တဲ့ အလားအလာပဲလို့ ကျွန်တော်တို့ ခံယူပါတယ်” ဟု ယနေ့ နို၀င်ဘာလ ၂၈ ရက်မှာ သတင်းထောက်များကို ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
ရန်ကုန်ခရီးသည် လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူဖြစ်စေသည့် ခရီးစဉ်အဖြစ် မှတ်ယူကြောင်း UNFC ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။