တိုင်းရင်းသားတို့၏ ငြိမ်းချမ်းရေးမျှော်လင့်ချက် ဖြည့်ဆည်းပေးရန်အသင့်ရှိဟု ဒေါ်စုပြော

တိုင်းရင်းသားတို့၏ ငြိမ်းချမ်းရေးမျှော်လင့်ချက် ဖြည့်ဆည်းပေးရန်အသင့်ရှိဟု ဒေါ်စုပြော
by -
မဇ္ဈိမ

တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နေချိန် တွင် တိုင်းရင်းသားများ၏ သဘောထားဆန္ဒများကို ဖြည့်ဆည်းပေးရန် ဆန္ဒရှိသည်ဟု အမျိုးသားဒီမိုက ရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားသည်။

နိုဝင်ဘာ ၂၆ ရက်က တိုင်းရင်းသားခေါင်းဆောင်များနှင့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ သူမ၏နေအိမ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်ကို အန်တီ့အနေနဲ့ အမြဲပဲ ဖြည့်ဆည်းပေးသွားမှာပါ၊ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ဆိုတာက ကိုယ်တစ်ယောက်ချင်း တစ်ယောက်ချင်းက ဘယ်လောက် ငြိမ်းချမ်းရေးအတွက် လုပ်နေလဲဆိုတာကို ပြန်ကြည့်ပါ။ အဲ့တော့မှ ငြိမ်းချမ်းရေးအတွက် ဘယ်လောက် မျှော်လင့်လို့ ရမလဲဆို တာကို သိရမှာပါ။ ကိုယ်ကိုယ်တိုင်က အလုပ်မလုပ်ပဲနဲ့ မျှော်လင့်ပိုင်ခွင့်မရှိဘူး။ အဲဒီတော့ အားလုံးက ငြိမ်းချမ်းရေးရရှိရေးအတွက် ကိုယ်တတ်နိုင်သမျှ လုပ်ပေးရမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လက်ရှိလုပ်ဆောင်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ကိုယ်တိုင်ပါ၀င်ရန်၊ လေ့လာသူအဖြစ် တက်ရောက်ရန်များကို တိတိကျကျ စီစဉ်ထားမှုများ မရှိသေးသော်လည်း ငြိမ်းချမ်းရေးအတွက် လက်တွဲလုပ်ဆောင်မှသာလျှင် စစ်မှန်သည့် ဒီမိုကရေစီပြည်ထောင်စု ဖြစ်လာမည်ဟုလည်း ဒေါ်အောင်ဆန်းစု ကြည်က ဆိုသည်။

နိုဝင်ဘာ ၂၆ ရက် တွေ့ဆုံမှုတွင် ပါ၀င်ခဲ့သူ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ၏ ဒု-ဥက္ကဋ္ဌ(၂) ဖဒိုဒေးဗစ်တာကပေါကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဒေါ်အောင်ဆန်းစုကြည် ပါ၀င်နိုင်ရန် ဖိတ်ခေါ်သွားခဲ့သည်။

“ကျွန်တော်တို့က အမြဲတမ်း ဖိတ်ကြားနေပါတယ်”ဟု ဆိုသည်။

NLD က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ကြိုးစားနေရာ ဤအချက်သည် တိုင်းရင်းသားတို့ နှင့်ကွဲလွဲမှုမရှိဘဲ တိုင်းရင်းသားတို့ရလိုသည့် ပြည်ထောင်စုစနစ်ကို ဖွဲ့စည်းပုံပြင်ဆင်ခြင်းက အထောက် အပံ့ဖြစ်စေမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး စိတ်ဝမ်းကွဲတာ လုံးဝမရှိပါဘူး။ အားလုံးက စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်း ကိုသွားဖို့ပဲ ရည်ရွယ်နေပါတယ်။ အဲ့ဒီ ပြည်ထောင်စုရှိဖို့ဆို ဒီဖွဲ့စည်းပုံနဲ့ ဒီပုံနဲ့တော့ လုံးဝမဖြစ်နိုင်ဘူးဆို တာ ကျွန်မတို့က အာမခံပါတယ်”ဟု ၎င်းက ပြောကြားသည်။

ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းလာရေးတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဖက်ဒရယ်တပ်မတော်နှင့် ပတ်သက်၍ တိုင်းရင်းသားများ တောင်းဆိုနေမှုများအပေါ်တွင်လည်း တိုင်းရင်းသားများအနေဖြင့် ဖက်ဒ ရယ်တပ်မတော်အား မည်သို့မည်ပုံ ဖွဲ့ရမည်ကို ပြောဆိုနေခြင်းမျိုးမဟုတ်ဘဲ ပြည်ထောင်စုစစ်စစ်နှင့် ကိုက်ညီသည့် တပ်မတော်တစ်ခု လိုချင်သည်ကို ပြောဆိုနေကြခြင်းသာ ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစု ကြည်က မှတ်ချက်ပြုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ ကိုယ် စားလှယ်ငါးဦးတို့ တွေ့ဆုံမှုတွင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီပြည်ထောင်စုစနစ် ဖြစ်ပေါ်လာ ရေးတို့ကို ဆွေးနွေးခဲ့ပြီး ရှေ့ဆက်လုပ်ငန်းစဉ်များတွင် လက်တွဲ ညှိနှိုင်းလုပ်ဆောင်ရန် အပြန်အလှန် သဘောတူညီခဲ့ကြသည်။

UNFC မှ အဖွဲ့ဝင်များဘက်ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပူးပေါင်း ဆောင်ရွက်ရန် သဘောတူ ညီမှုများကို ပြောဆိုခဲ့ကြပြီး ရှေ့ဆက် နိုင်ငံရေးလုပ်ငန်းစဉ်တွင် နိုင်ငံသားတိုင်းသည် သမ္မတဖြစ်နိုင်သ ဖြင့် သမ္မတဖြစ်ရေးအား ကန့်သတ်ထားသည့် ဥပဒေပုဒ်မများ လွဲမှားနေခြင်းကြောင့် ပြန်လည် ပြင်ဆင် ရန် လိုအပ်သည်ဟု ပြောကြားသွားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC မှ ထိပ်သီးခေါင်းဆောင်များ မြန်မာနိုင်ငံအတွင်း တွေ့ဆုံခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။