တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီတို့ ပထမဆုံးအကြိမ်အဖြစ် ချင်းမိုင်မြို့၌ တွေ့ဆုံမည် ဖြစ်ရာ ပါတီ ၁၂ ခုကို ဖိတ်ကြားထားသည်ဟု မြန်မာငြိမ်းချမ်းရေးဂေဟာ နည်းပညာအထောက်ကူပြုအဖွဲ့ဝင် ဦးလှမောင်ရွှေက နိုဝင်ဘာ ၁၇ ရက်တွင် မဇ္ဈိမကို ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ အဖွဲ့ဝင်များနှင့် ပြည်တွင်းနိုင်ငံရေးပါတီတို့ ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့ ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၂ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။
ဦးလှမောင်ရွှေက “အစီအစဉ်အသေးစိတ်ကိုတော့ ပြောလို့မရသေးဘူး”ဟု ဆိုသည်။
ပြည်တွင်း နိုင်ငံရေးပါတီများက နိုဝင်ဘာ ၂၁ ရက်တွင် ထိုင်းနိုင်ငံသို့ ထွက်ခွာရန်ရှိသော်လည်း ဖိတ်ကြား ခံထားရသည့် ပါတီများမှ အကြောင်းပြန်ခြင်း မရှိသေးဟုလည်း ဦလှမောင်ရွှေက ပြောသည်။
နိုင်ငံရေးပါတီများ ရွေးချယ်ရာတွင် အစိုးရနှင့် MPC တို့ တာဝန်ယူဆောင်ရွက်ခြင်း ဖြစ်သည်။ ယခုတစ် ကြိမ် တွေ့ဆုံမှုသည် ပထမအသုတ်သာဖြစ်ပြီး နောက်များတွင်လည်း ဆက်လက် စီစဉ်သွားမည်ဟု မြန် မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတို့က ဆိုသည်။
တွေ့ဆုံပွဲ၏ ရည်ရွယ်ချက်မှာ နိုင်ငံရေးဆွေးနွေးပွဲများအတွက် မိတ်ဖက်အသစ်များ ရရှိစေရန်ဟု အစိုးရ ဘက်က ထုတ်ဖော် ပြောဆိုထားသော်လည်း အခြား နိုင်ငံရေးအင်အားစုများကမူ နိုင်ငံရေးပါတီများ၏ ပါ၀င်မှုဖြင့် အနာဂတ် ဆွေးနွေးပွဲများ အောင်မြင်ရေးကို အစိုးရက မျှော်လင့်ထားခြင်းဖြစ်သည်ဟု သုံး သပ်ကြသည်။
ဖိတ်ကြားခံထားရသည့် ပါတီတစ်ခုဖြစ်သည့် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကလည်း ဆွေးနွေးပွဲကျင်းပမည့် နေ့ရက်၊ နေရာနှင့် အချိန်တို့ကို မဇ္ဈိမကို အတည်ပြုပေး ခဲ့သည်။
“ကျွန်တော်ကတော့ ဘာဆွေးနွေးမယ်ရယ် ဘာမှ မစီစဉ်ထားဘူး။ ဒီအတိုင်း အလွတ်သွားမှာပါ”ဟု ဆို သည်။
လက်ရှိအချိန်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတို့အကြား တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းနေကြသော် လည်း တိကျသည့် သဘောတူညီမှု တစ်စုံတစ်ရာ ရရှိခြင်း မရှိသေးပေ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကလည်း နိုဝင်ဘာလ အစောပိုင်းကာလတွင် ကချင်ပြည်နယ် လိုင်ဇာ၌ သီးသန့် တွေ့ဆုံခဲ့ သော်လည်း အများသဘောတူသည့် မူဘောင် အပြီးသတ် ချမှတ်နိုင်ခြင်း မရှိသေးပေ။ ယင်းကြောင့် ဒီ ဇင်ဘာလတွင် ဘားအံမြို့၌ ထပ်မံ တွေ့ဆုံရန် စီစဉ်ထားကြသည်။
တွေ့ဆုံပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက် ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသား ဒီမိုက ရေစီအင်အားစုပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီတို့ကို ဖိတ် ကြားထားသည်။
ဆွေးနွေးပွဲသို့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်လည်း တက်ရောက်ရန်ရှိနေပြီး နို၀င်ဘာ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိနေပြီဖြစ်သည်။