စီးပွားရေးအတွက် ကောင်းမွန်သော ဥပဒေများပေါ်ပေါက်လာရန် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရမည်

စီးပွားရေးအတွက် ကောင်းမွန်သော ဥပဒေများပေါ်ပေါက်လာရန် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရမည်
by -
မဇ္ဈိမ

မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများအတွက် ကောင်းမွန်သည့်စည်းမျဉ်း ဥပဒေများပေါ်ပေါက်လာစေရန် ပြုပြင်ပြောင်းလဲမှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရမည်ဟု ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်းတို့ ပူးတွဲပြုစုသည့် Doing Business အစီရင်ခံစာသစ်တွင် ရေးသားထားသည်။

ယခုအခါ စီးပွားရေးဆိုင်ရာ ပြောင်းလဲမှုများကိုဆောင်ရွက်သည့် လမ်းကြောင်းတွင် ရောက်ရှိနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ် မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ ခန်သန်ရှန်ကာက “လေ့လာတွေရှိရတဲ့ အချက်တွေအရ စီးပွားရေးလုပ်ငန်းစတင်ဖို့နဲ့ ချဲ့ထွင်ဖို့ အခက်အခဲဖြစ်နေတဲ့ စည်းမျဉ်းဥပဒေတွေကို ဖယ်ရှားပေးခြင်းဖြင့် အစိုးရအနေနဲ့ စီးပွားရေးလုပ်ငန်းတွေ အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ အဆင်ပြေ တဲ့အခြေအနေမျိူးပေါ်ပေါက်လာဖို့ ဆောင်ရွက်နေတယ်လို့ ဆိုနိုင်ပါတယ်” ဟု ပြောသည်။

Doing Business အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏စည်းမျဉ်းဥပဒများကို ပထမဆုံးအကြိမ် ထည့်သွင်း ဖော်ပြထားခြင်းဖြစ်ပြီး ယင်းအစီရင်ခံစာတွင် ပါ၀င်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်၏ အကျိုးရလဒ်များကို တိုင်းတာအကဲဖြတ်နိုင်မည်ဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေး ရှင်း၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် မစ္စတာချားလ်ရှနိုက်ဒါက ပြောကြားသည်။

လုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင်များကမူ ပြုပြင်မှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်ရန်လိုအပ်ကြောင်း သုံးသပ်ပြောဆိုကြသည်။

စီးပွားရေးပညာရှင် ဦးလှမောင်က“မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလာတဲ့အခါ ပြဋ္ဌာန်းရမယ့် ဥပေဒတွေကို ခုချိန်ထိ ပြဋ္ဌာန်းနိုင်တာမရှိသေးဘူး၊ ပြုပြင်ပြောင်းလဲမှုတော့ လုပ်နေတာပဲ၊ ဒါပေမဲ့ Over all ပြုပြင်ပြောင်းလဲတာ မျိုးတော့မဟုတ်ဘူး၊ ဥပမာအနေနဲ့ ကိုကာကိုလာက ဒီမှာလာဖွင့်တယ်၊ ကိုကာ ကိုလာရဲ့franchising လည်းရှိတယ်၊ ဒါပေမဲ့  franchising နဲ့ ပတ်သက်တဲ့ ဥပေဒမရှိဘူး၊ ဗဟိုဘဏ် ကိုလည်း သီးခြားလုပ်ကိုင်ခွင့်ပေးမယ်ပြောပေမဲ့ လက်ရှိမှာလည်း Control လုပ်ထားတုန်းပဲ” ဟု ပြောသည်။

ပို့ကုန်လုပ်ငန်းရှင် ဦးနေလင်းဇင်က “ပြုပြင်ပြောင်းလဲမှုတွေကို အစိုးရက ဆောင်ရွက်နေပေမယ့် အောက်ခြေမှာ သက်ရောက်မှုမရှိတာတွေအများကြီးပါပဲ၊ ပေါ်လစီအရလုပ်နေပေမဲ့ အရှိန်မရသေးဘူး” ဟု ပြောသည်။

Doing Business အစီရင်ခံစာသည် စီးပွားလုပ်ငန်းများလုပ်ကိုင်ရန် အဆင်ပြေဆုံးနိုင်ငံ များအဖြစ် အညွှန်းကိန်း ၁၀ ခု အပေါ်တွင်အခြေခံကာ အဆင့်သတ်မှတ်ချက်များထုတ်ပြန်ပေးပြီး နိုင်ငံပေါင်း ၁၈၉ နိုင်ငံ၏ စီးပွားရေးများကို လေ့လာထားသည်။