မြန်မာနှင့်ထိုင်း ဗီဇာမလိုဘဲ အပြန်အလှန်သွားလာနိုင်တော့မည်

မြန်မာနှင့်ထိုင်း ဗီဇာမလိုဘဲ အပြန်အလှန်သွားလာနိုင်တော့မည်
by -
မဇ္ဈိမ

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ခရီးသွားလာခွင့် ဗီဇာမလိုဘဲ ခွင့်ပြုရက် ၁၄ ရက်အထိ နှစ်နိုင်ငံအပြန် အလှန် ခရီးသွားလာနိုင်မည့်အစီအစဉ်ကို နှစ်ဖက်အစိုးရတို့ နိုဝင်ဘာလအတွင်း သဘောတူစာချုပ်ချုပ်ဆို ရန်ရှိပြီး အတည်ပြုနိုင်ရန် ညွှန်ကြားချက်များ ထုတ်ပြန်သွားမည်ဟု ထိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Mr Teerat Ratanasevi (မစ္စတာ ရာဒ်တနဇေဝီ)က မဇ္ဈိမကို ပြောသည်။

“ဒါက နှစ်နိုင်ငံအစိုးရ ဖော်ဆောင်နိုင်တဲ့ လုပ်ငန်းစဉ်တွေအနက် အင်မတန်ကောင်းမွန်တဲ့ အစီအစဉ်တစ်ခုဖြစ် ပါတယ်၊ ဒါကိုလည်း လုပ်သင့်တယ်လို့မြင်ပါတယ်၊ မကြာခင် အာဆီယံစီးပွားရေး အသိုက်အဝန်းဆီကို ဖော်ဆောင် ဖို့လုပ်နေတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား ခရီးသွားလာမှုကိုလည်း ပိုမိုလွယ်ကူစေပါ တယ်”ဟု သူက ဆိုသည်။

မြန်မာနိုင်ငံမှတစ်ဆင့် ထိုင်းနိုင်ငံသို့ သွားရောက်လိုသည့် ခရီးသွားများအတွက် ထိုင်းနိုင်ငံရှိ လေဆိပ်ပေါင်း ၂၃  ခုဖြစ်သည့် သုဝဏ္ဏဘူမိ၊ ဒွန်မောင်း၊ မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်၊ ဟာဒ်ယိုင်၊ ဖူးခက်၊ နန်း၊ ဖိစလုလွတ်(ခ်)၊ မဲဆောက်၊ ခွန်ကန်(မ်)၊ နခွန်ရာဒ်ချစီမာ၊ အူဒွန်ဌာနီ၊ အူဘွန် ရာဒ် ချဌာနီ၊ ကရဘီ၊ တရန်(င်)၊ နာရာသီဝါဒ်၊ ရနောင်း၊ ဆူရာဒ်ဌာနီ၊ ဟွေဟင်၊ ဆမွီ၊ ဆူဂိုးထိုင်းနှင့် ဥသဖောင်(၀်) လေဆိပ်များမှ ၀င်ရောက်လာသည့် မြန်မာနိုင်ငံသား ခရီးသည်များကို ထိုင်းအစိုးရမှ ခရီးသွားလာခွင့် ၁၄ ရက်ခွင့်ပြု မည်ဖြစ်သည်။

သို့သော် ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ သွားရောက်မည့် ထိုင်းနိုင်ငံသားများအား မည်သည့် လေဆိပ် များမှ စတင် ခွင့်ပြုသွားမည်ကို မြန်မာအစိုးရမှ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

နှစ်နိုင်ငံအစိုးရ ခွင့်ပြုနိုင်ရေးအတွက် နိုဝင်ဘာလလယ်၌ နှစ်နိုင်ငံ သက်ဆိုင်ရာ ကိုယ်စားလှယ်များ၏ Joint Committee Meeting အစည်အဝေးကို နေပြည်တော်၌ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ထားပြီးဖြစ်သည် ဟုလည်း Mr Teerat Ratanasevi က ပြောသည်။

ထိုင်းနိုင်ငံအနေဖြင့် ယခုကဲ့သို့အကန့်အသတ်ဖြင့် ဗီဇာကင်းလွတ်ခွင့် ခရီးသွားလာခြင်းကို ခွင့်ပြုသည်မှာ အာဆီယံနိုင်ငံများအနက် နောက်ဆုံးနိုင်ငံတစ်ခု ဖြစ်ပြီး အခြား အာဆီယံနိုင်ငံများဖြစ်သည့် မလေး ရှား၊ စင်ကာပူ၊ အင်ဒို၊ ဘရူနိုင်းနှင့် မကြာမီလများက ဂျပန်ကဲ့သို့ နိုင်ငံများပင်လျှင် အကန့်အသတ်ဖြင့် ထိုင်းနိုင်ငံ အနေနှင့် နှစ်နိုင်ငံ အကန့်အသတ် ဗီဇာကင်းလွတ်ခွင့် ရရှိထားပြီဖြစ်သည်။

ယခုကဲ့သို့ ထိုင်းနှင့် မြန်မာနိုင်ငံအကြား အကန့်အသတ်ဖြင့် ဗီဇာကင်းလွတ်ခွင့် ခရီးသွားလာရေးသည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ခွင့်ပြုခြင်းဆိုသော်လည်း ထိုင်းနိုင်ငံ၏ ပြည်တွင်းလုံခြံုရေးအား ထိခိုက်စေမည် မဟုတ်ဟုလည်း သက်ဆိုင်ရာ ထိုင်းဝန်ကြီးဌာနများမှ သုံးသပ်ကြောင်းလည်း Mr Teerat Ratanasevi က ပြောသည်။

“နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ဒီကိစ္စကို ခွင့်ပြုတယ်ဆိုပေမယ့်လို့ ဒါက လုပ်ဆောင်သင့်သည့် အချင်းအရာ ဖြစ်တယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာနနဲ့ လုံခြံုရေးပိုင်းတွေက ပြီးခဲ့တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ သုံးသပ်တယ်၊ ထိုင်းနဲ့ မြန်မာနိုင်ငံ နယ်စပ်လုံခြံုရေးနဲ့ ပြည်တွင်းလုံခြံုရေးအတွက် အဆိုးဘက်အကျိုး သက်ရောက်မှုရှိစေမည့် လုပ်ငန်းမဟုတ်ဘူးလို့ သုံးသပ်ကြတယ်”ဟု ဆိုသည်။

ထို့အပြင် နယ်စပ်ဖြတ်ကျော်ဂိတ်များမှတစ်ဆင့် ထိုကဲ့သို့ အကန့်အသတ်ဖြင့် ဗီဇာကင်းလွတ်ခွင့် ခရီးသွား လာရေးကို အနာဂတ်တွင်လည်း ဖွင့်လှစ်သွားနိုင်မည်ဟု ထိုင်းအစိုးရမှ ယုံကြည်ထားသည်ဟုလည်း သူက ပြောသည်။

ထိုင်းမြန်မာ နယ်စပ်ဂိတ် (၄) ခုမှတစ်ဆင့် MOU စာချုပ်ဖြင့် ထိုင်းနိုင်ငံတွင်းသို့ လာရောက် အလုပ်လုပ်ကိုင် ကြမည့် မြန်မာနိုင်ငံသား အလုပ်သမားများကိုလည်း ယခုလ ၂၁ ရက်မှစ၍ နိုင်ငံကူးလက်မှတ်အနီ (ပတ်စပို့စ် အကြီးဟု အလုပ်သမားများအခေါ်)အား စတင် ထုတ်ပေးနေပြီဖြစ်ကြောင်း အောက်တိုဘာလ (၁၈)ရက်၌ မဇ္ဈိမသတင်းဌာန၏ မေးမြန်းချက်အား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိဦး ကျော်ကျော်လွင်က ဖြေကြားထားသည်။

၎င်းဂိတ်တို့မှာ တာချီလိတ်-မယ်ဆိုင် နယ်စပ်ဂိတ်၊ မြဝတီ-မဲဆောက် နယ်စပ်ဂိတ်၊ ထီးခီး နယ်စပ်ဂိတ်၊ ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်တို့ဖြစ်ကာ မောတောင် နယ်စပ်ဂိတ်မှာမူ မြန်မာဘက်မှ ဖွင့်လှစ်ရန် အဆင်သင့် မရှိသေးသဖြင့် စောင့်ဆိုင်းရဦးမည် ဖြစ်သည်။

Most read this week