ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကော်မတီနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ အောက်တိုဘာ၂၃ ရက်တွင် ပြီးဆုံးသွားသည့်ဆွေးနွေးမှု၌ KNPP တပ်အခြေစိုက်ရာ ဒေသများတွင် အစိုးရတပ်မှ ကင်းလှည့်မှုများ လျှော့ချသွားမည်ဟု ကတိပေးလိုက်သည်ဟု KNPP အတွင်းရေးမှူး (၂ ) ဦးရွှေမျိုးသန့်က မဇ္စျိမကို ပြောသည်။
သူက “ကျွန်တော်တို့ကို ပြောသလောက်တော့ တပမ ၅၅ ကို လျှော့ချမယ် လူထုတွေကို ၀န်ထုပ်ဝန်ပိုးဖြစ်နေ မယ့်နေရာတွေ၊ အရင်လို တောတွေတောင်တွေထဲ ကင်းခဏခဏလှည့်တာတွေ မလုပ်တော့ဘူး။ သူတို့တပ် ရှိတဲ့နေရာမှာပဲ နေမယ်”ဟု မဇ္စျိမကို ပြောသည်။
KNPP နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြေလည်မှုရရှိပါက တပ်များကို ထပ်မံ လျှော့ချမှုများ ပြုလုပ်နိုင်ဖွယ်ရှိ သည် ဟုလည်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ၊ နည်းပညာအထောက်အကူပြု အဖွဲ့ဝင် ဦးမင်းဇော်ဦး မဇ္စျိမကို ပြောသည်။
ဦးမင်းဇော်ဦးက “နယ်မြေလုံခြံုရေးအရ၊ နယ်မြေလုံခြံုရေးအတွက်ကတော့ စွဲထားဦးမှာပဲ တကယ်လို့ နောက်ပိုင်းမှာ KNPP နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ အဆင်ပြေလာပြီ စိတ်ချရပြီ၊ စစ်ရေးအရရော အန္တရာယ်မရှိတော့ ရင်တော့ မလိုအပ်တာတွေကို ထပ်လျှော့လာမှာလို့ မြင်ပါတယ်”ဟု မဇ္စျိမကို ပြောသည်။
တပ်မများ၊ တပ်ကြောင်းများ လျှော့ချရာတွင် ယခင် အစိုးရမှ ပျောက်ကြား လှုပ်ရှားနေသည့် နေရာများ၊ ဒေသများ၊ ကင်းလှည့်နေမှုများ၊ တပ်လမ်းကြောင်းမဟုတ်သည့်နေရာများတွင် လှည့်လည်နေမှုများအား ရပ်ဆိုင်းလိုက်ခြင်း မျိုးဖြစ်သည်ဟုလည်း ဦးမင်းဇော်ဦးက ပြောသည်။
တပ်လျှော့ချရေးနှင့်ပတ်သက်၍ KNPP ဘက်ကမူ ငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုးမှု မပြုလုပ်ရသေးခြင်း၊ အင်အားမှာလည်း အစိုးရတပ်နှင့်နှိုင်းယှဉ်ပါက မများပြားခြင်းတို့ကြောင့် မိမိတို့၏တပ်များကို ရုတ်သိမ်းခြင်း
ပြုလုပ်နိုင်မည်မဟုတ်ဟု ဆိုသည်။
KNPP သည် တစ်တိုင်းပြည်လုံုး အပစ်အခတ်ရပ်စဲရေးတွင် လတ်မှတ်ရေးထိုးနိုင်ရန် ယင်းတို့နယ်မြေ အတွင်းရှိ အစိုးရတပ်များကို လျှော့ချပေးရန် ယခုလအတွင်းတွင်ပင် ထုတ်ပြန် ကြေညာထားခဲ့သည်။
အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရနှင့် ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလတွင် သဘောတူညီထားသော်လည်း ထိုနောက်ပိုင်း ဆွေးနွေးခဲ့သည့် ခုနစ်ကြိမ်လုံးတွင် အစိုးရဘက်မှ တပ်များ လျှော့ချပေးခဲ့မှု ကတိပေးခြင်းများ မရှိခဲ့ဘဲ ယခုအကြိမ်မှ နှုတ်ကတိဖြင့် တပ်လျှော့ချရေးအား သဘောတူညီခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာလ ၂၂ ရက်နှင့် ၂၃ ရက် နှစ်ရက်တာ ဆွေးနွေးမှုတွင် အပစ်အခတ်ရပ်စဲရေး အပါအဝင်၊ ဒေသ ဖွံ့ဖြိုးရေး လုပ်ဆောင်ရန်ကိစ္စများ၊ ဒုက္ခသည်စခန်းများ ပြန်လည် နေရာချထားရေးများကိုလည်း ဆွေးနွေးခဲ့ ကြသည်။
ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များအဖြစ် ကယားပြည်နယ်တွင်း ၅၆ မိုင်ခန့် အရှည်ရှိသည့် လမ်းမတစ်ခုကို လည်း ဖောက်လုပ်ပေးရန် အစိုးရဘက်မှ သဘောတူညီထားပြီး ဒုက္ခသည်စခန်းများရှိ လူဦးရေအလိုက် အိမ်ထောင်စု ၃၀ မှ ၅၀ နေထိုင်နိုင်ရန် ကျေးရွာများ ဆောင်ရွက်ပေးရန်လည်း အစိုးရဘက်နှင့်နှုတ်ကတိ ရရှိပြီးဖြစ်သည်ဟု KNPP က ဆိုသည်။
တစ်တိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးအတွက် နိုဝင်ဘာလအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့KIO ဌာ နချုပ်ရှိရာ လိုင်ဇာတွင်ပြုလုပ်မည့် ညီလာခံတွင်လည်း KNPP က ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်သည်။
တစ်တိုင်းပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးတွင် သဘောတူလတ်မှတ် ရေးထိုးရန် မူဘောင် များနှင့် ပတ်သက်၍ အစိုးရဘက်မှ နိုင်ငံတော်လုံခြံုရေးနှင့် ကာကွယ်ရေးကောင်စီသို့ တင်ပြထားပြီး ဖြစ်သကဲ့သို့၊ တိုင်းရင်းသားများဘက်မှလည်း အောက်တိုဘာလအတွင်း လိုင်ဇာတွင် ကျင်းပမည့် တိုင်းရင်း သား ထိပ်သီး အစည်းအဝေးတွင် ထပ်မံ ဆွေးနွေးသွားမည်ဖြစ်သည်။
ဆွေးနွေးပွဲတွင် အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌပြည် ထောင်စု ၀န်ကြီးဦးအောင်မင်း၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ တိုင်းရင်းသားရေးရာဝန်ကြီး တို့နှင့် အခြားအဖွဲ့ ၀င်များ၊ တက်ရောက်ကြပြီး ကရင်နီ အမျိုးသားတိုးတတ်ရေးပါတီ KNPP ဘက်မှ ဒု-ဥက္ကဋ္ဌဦးခူးဦးရယ်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူးအပါအဝင် ဗဟိုကော်မတီဝင်များလည်း တက်ရောက် ဆွေးနွေးခဲ့ကြသည်။