မြန်မာနိုင်ငံနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်ရန် ပြုလုပ်နေခြင်းအတွက် စိုးရိမ်ကြောင်း အရပ်ဘက်လူ့အဖွဲ့အစည်းများစာပေးပို့

မြန်မာနိုင်ငံနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်ရန် ပြုလုပ်နေခြင်းအတွက် စိုးရိမ်ကြောင်း အရပ်ဘက်လူ့အဖွဲ့အစည်းများစာပေးပို့
by -
မဇ္ဈိမ

အမေရိကန်သမ္မတ အိုဘားမား၊ ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန်းနှင့် သြစကြေးလျဝန်ကြီးချုပ်တိုနီအဘော့ ထ်တို့အားမြန်မာနိုင်ငံနှင့် စစ်ရေးအရပူးပေါင်းဆောင်ရွက်ရန် ပြုလုပ်နေခြင်းအတွက် အလွန်အမင်းစိုးရိမ် ပူပန်နေရကြောင်း တိုင်းရင်းလူမျိုး ၁၅ မျိုးအား ကိုယ်စားပြုသည့် အရပ်ဘက် လူ့အဖွဲ့အစည်း ၁၃၃ ခုက စာရေးသား ပြောကြားလိုက်သည်။

မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် လက်ရှိ ဖြစ်ပေါ်နေဆဲ ပဋိပက္ခများကို မီးမောင်းထိုး ပြထားသည့် ယင်းစာတွင် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများမပြုမီ လိုအပ်ချက်များနှင့် မြန်မာစစ်တပ်အနေဖြင့် ထိထိရောက်ရောက် တိုးတက်စွာ လိုက်နာဆောင်ရွက်သင့်သည့် အချက်များကိုလည်း အသေးစိတ် ဖော်ပြထားသည်။

ယင်းစာတွင် အဆိုပါ အရပ်ဘက်လူ့အဖွဲ့အစည်းများက မြန်မာစစ်တပ်လက်အောက်တွင် ၎င်းတို့ ခံစား နေရသည့်ဝေဒနာများကိုလည်း ဖော်ပြထားသည်။ “သူတို့ ကျွန်တော်တို့ ရွာတွေကို ဖျက်ဆီးပါတယ်၊ လယ်တွေကို သိမ်းပိုက် ပါတယ်၊ စစ်လက်နက်တွေကို သယ်ဆောင်ပေးဖို့ လုပ်အားတွေကိုလည်း မတရား ခိုင်းစေပါတယ်၊ အမျိုးသမီးငယ်တွေကို အဓမ္မမှုများလည်း ကျူးလွန်ခဲ့ပါတယ်၊ ကျွန်တော်တို့ အတိတ်ဖြစ် ရပ်တွေ၊ လက်ရှိဖြစ်ရပ်တွေ ဖော်ပြထား တာပါ၊ အနာဂတ်မှာ ယခုလို ဆက်မဖြစ်ချင်တော့ပါဘူး”ဟု ဖော် ပြထားသည်။

ထို့အပြင် ယင်းစာတွင် မြန်မာစစ်တပ်က တိုင်းရင်းသားလူနည်းစုများအား ဆက်လက်တိုက်ခိုက် နေသည်ကိုကြည့်ခြင်း အားဖြင့် ဒီမိုကရေစီ အပြောင်းအလဲအတွက် ကတိကဝတ်ပြုမှု လျော့နည်း နေကြောင်း၊ အပြောင်းအလဲကို ရိုးသားစွာဖော်ဆောင်နေပါသည်ဆိုခြင်းမှာ အလုပ်မဖြစ်ကြောင်းလည်း ဖော်ပြထား သည်။

၁၇ နှစ်ကြာ ကေအိုင်အိုနှင့် ငြိမ်းချမ်းရေး ယူခဲ့သော်လည်း ၂၀၁၁ ခုနှစ် ဇွန်လတွင် အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်ခဲ့ပြီး တိုက်ခိုက်မှုများ ဖြစ်ပွားနေခြင်းကြောင့် လူပေါင်းတစ်သိန်းခန့် ဒုက္ခသည်များဖြစ် လာရကြောင်း၊ ကရင်၊ မွန်နှင့် ချုပ်ဆိုထားသော အပစ်အခတ်ရပ်စဲရေး စာချုပ်များကိုလည်း ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုများ ကျူးလွန်နေကြောင်းလည်း ဖော်ပြ ထားသည်။

နိုင်ငံတကာအသိအမှတ်ပြုထားသည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးထက် စီးပွားရေး ပြောင်းလဲမှုများက ဗမာစစ်တပ်၊ ဗမာအစိုးရနှင့် ဗမာအများစုကိုသာ အကျိုးအမြတ်အများဆုံး ရစေကြောင်း၊ ယခုကဲ့သို့ စစ်ရေးအရ ပူးပေါင်းမှုများကလည်း ဗမာများကိုသာ အကျိုးအမြတ် ရရှိစေမည် ဖြစ်သည်ဟု ဖော်ပြထား သည်။

ဗမာစစ်သားများသည် သေချာလေ့ကျင့်ထားသော စစ်သားများမဟုတ်သောကြောင့် အထက်အရာရှိများ၏ အမိန့်အရ တခြားသူများ၏ ပစ္စည်းပိုင်ဆိုင်မှုများကိုရယူရန် လူ့အခွင့်အရေးများ ချိုးဖောက်နေရခြင်းဖြစ်သည်ဟု ဆိုသည်။

အငယ်တန်းအရာရှိများ၊ စစ်သားများကို လေ့ကျင့်ပေးခြင်းက မထိရောက်နိုင်ကြောင်း၊ အကြောင်းရင်းမှာ ၎င်းတို့မှာ အထက်အရာရှိများ၏ စေခိုင်းခြင်းအရ လုပ်ဆောင်နေရကြောင်းလည်း ဆိုသည်။

စစ်ရေးပူးပေါင်းဆောင်ရွက်မှုမပြုမီ တင်ကူးလိုအပ်ချက်များနှင့် အဓိကအချက်များတွင် “တိုင်းပြည်အနှံ့ရှိ တိုက်ပွဲများ အား ရပ်တန့်ပြီး စစ်တပ်အနေဖြင့် အပြောင်းအလဲကို လိုလားကြောင်း ပြသရန်အတွက် အပစ်အခတ်ရပ်စဲထားသော သို့မဟုတ် ပဋိပက္ခဖြစ်ပွားနေသောနေရာများမှ စစ်တပ်များ ပြန်လည်ရုပ်သိမ်းရန်၊ နိုင်ငံတကာ၏ ထောက်ပံံ့မှုဖြင့် ဖွဲ့စည်းထားသော လွတ်လပ်သည့် စစ်ရဲတပ်ဖွဲ့ကို ဖွဲ့စည်းပြီး စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စစ်ဆေး ရန်၊ လွတ်လပ်သောခုံရုံးများဖွင့်လှစ်ပြီး အပြစ်ကျူးလွန်သော စစ်သားများကို ထိုက်သင့်သော ပြစ်ဒဏ်ချမှတ်ရန် စသော အချက်များ ပါ၀င်သည်။

“ကြိုတင် တောင်းဆိုချက်များမရှိဘဲ စစ်ရေးအရ ပူးပေါင်းခြင်းက အပြောင်းအလဲကို စစ်တပ်က လိုလားပါ သည် ဟူသောအချက်ကို အားနည်းစေနိုင်ပြီး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် စစ်တပ်အား တောင်းဆိုချက် များကိုလည်း ထိခိုက်စေမည်ဖြစ်သည်”ဟုလည်း ယင်းစာတွင် ဖော်ပြထားသည်။

ယင်းစာကို ကမ္ဘာတစ်ဝန်းရှိ အရပ်ဘက် တိုင်းရင်းအဖွဲ့အစည်း ၁၃၃ ခုက လက်မှတ်ရေးထိုးပြီး အမေရိကန် သမ္မတ အိုဘားမား၊ ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန်းနှင့် သြစတြေးလျဝန်ကြီးချုပ် တိုနီအဘော့ထ်တို့အား ပို့ခဲ့ခြင်းဖြစ်သည်။

Most read this week