ရန်ကုန်တွင် နှစ်ရက်ဆက်တိုက်ဖြစ်ပေါ်ခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး သံသယရှိသူကို မွန်ပြည်နယ် ဘီလင်းမြို့နယ်၌ အောက်တိုဘာ ၁၅ ရက် နံနက် ခြောက်နာရီကျော်က ဖမ်းမိခဲ့သည်ဟု ဘီးလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒု-ရဲအုပ် ပန်းဦးက အတည်ပြုပြောကြားသည်။
ယင်းသံသယရှိသူ၏ မှတ်ပုံတင်မိတ္တူပါ ဓာတ်ပုံဖြင့် စစ်ဆေးပြီး ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ဒုရဲအုပ်ပန်းဦးက ရှင်းပြသည်။
"ကျွန်တော်တို့လည်း ဘီလင်းမြို့ရဲ့အပြင်ဘက် နတ်ကြီးသွားတဲ့လမ်းမှာ ကျွန်တော်တို့ထွက်စောင့်တာပေါ့။ စောင့်နေတုန်း သူက ဆိုင်ကယ်နဲ့လာတာကို တွေ့လိုက်ပါတယ်။ အဲ့မှာ သူက ကျော်သွားတော့ ကျွန်တော်တို့ ကပ်လိုက်တာပေါ့။ လိုက်တော့ သိပ်မကြာလိုက်ပါဘူး။ ဓာတ်တိုင်တစ်တိုင်လောက်မှာပဲ မိတာပေါ့"ဟု ၎င်းက ဆိုသည်။
အောက်တိုဘာလ ၁၃ရက်နေ့တွင် ရန်ကုန်မြို့ စော်ဘွားကြီးကုန်း ကားမှတ်တိုင်အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိုနေ့ညနေပိုင်းတွင်ပင် မပေါက်ကွဲသေးသော ဗုံးတစ်လုံးတွေ့ရှိခဲ့ပြီး အောက်တိုဘာလ ၁၄ရက်ကလည်း ရန်ကုန်မြို့ Westren Park 2 နှင့် မန္တလေးတွင် မပေါက်ကွဲသေးသော ဗုံးတွေ့ခြင်း၊ ဗုံးလန့်ခြင်းများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သည်။
အောက်တိုဘာလ ၁၄ရက် ညပိုင်းက ထရိတ်ဒါး ဟိုတယ်တွင် ဗုံးပေါက်ကွဲခဲ့ပြီး စစ်ကိုင်းတိုင်း ဆွမ်းဦးပုညရှင်ဘုရားနှင့် ရွှေပြည့်စုံဟိုတယ်တို့ တွင်လည်း အောက်တိုဘာလ ၁၅ရက် နံနက်ပိုင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည်။
ယင်းကဲ့သို့ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များကြောင့် ပြည်သူများအနေဖြင့်လည်း ဘူတာများ၊ ကားဝင်းများ၊ ကားဂိတ်များ၊ သင်္ဘောဆိပ်များ၊ လူစည်ကားရာ နေရာများနှင့် လမ်းကြိုလမ်းကြားများတွင် မသင်္ကာစရာ အထုပ်များ တွေ့ရှိပါက ဖွင့်ဖေါက်ခြင်း မပြုလုပ်ဘဲ သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံနှင့် မြို့နယ် ရဲစခန်းများသို့ ချက်ချင်း သတင်းပေးပို့ကြရန်လည်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။