မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် ရ ခုမှ ၁၀ မြို့နယ်အတွင်း ရေဖုံးလွှမ်းမှု ကြံုတွေ့နိုင်ကြောင်း နာဆာဂြိုလ်တု တိုင်းတာ ချက်တွင် ထုတ်ပြန်ကြေ ညာသည်ဟု မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က သူ၏ အင်တာနက် စာမျက်နှာတွင်ဖော်ပြသည်။
“နာဆာက ထုတ်တဲ့ကြေညာချက်မှာ အနီရောင်ပြထားတဲ့ ရန်ကုန်တိုင်း၊ ဧရာဝတီတောင်ပိုင်း၊ အရှေ့ မြောက်ပိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် အနောက်ပိုင်းတွေမှာ ပိုပြီးရေဖုံးလွမ်းမှုပို လာနိုင်ပါတယ်” ဟု ဒေါက်တာထွန်းလွင်ကဆိုသည်။
ရေကြီးရေလျှံမှုများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံမိုးလေဝသနှင့် ဇလဗေဒဌာနမှ မိုးသည်းထန်စွာ ရွာသွန်းမှုများ ကြောင့် မြို့နယ်အလိုက်တွင်ရှိသော မြစ်များ၏ စိုးရိမ်ရေမှတ်များကို တိုင်းထွာချက်များ ပြုလုပ်ပြီး ၂၄ နာရီနှင့် ၄၈ နာရီ အတွင်း သတင်းစာများ၊ ရေဒီယိုများ၊ ရုပ်မြင်သံကြားများတွင် အချိန်မီသတိပေးချက်များ ပြုလုပ်လျက် ရှိကြောင်း မိုးလေဝသ ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်ရီကပြောသည်။
“မိုးသည်းထန်စွာရွာရင် ဒေသအလိုက် ရေကြီးရေလျှံမှုတော့ဖြစ်ကြမှာပါ။ မိုးသည်းထန်စွာရွာတဲ့ အတွက် မြစ်ရေ ကြီးမှုတွေ ကို မြို့နယ်အလိုက်မှာ မြစ်တွေရဲ့ စိုးရိမ်ရေမှတ် ရောက်ရှိနေတဲ့ မြို့တွေကို ထုတ်ပြန် ကြေညာပေး ပါတယ်။ မြို့နယ်အလိုက်မှာ မြစ်ရေကြီးမှုတွေကတော့ တစ်ပတ်လောက်ဆက်ပြီး ရှိနေအုံးမှာပါ” ဟု ဆက်လက် ရှင်းပြသည်။
နာဆာဂြိုလ်တုမှ တိုင်းတာချက်များ အရ စက်တင်ဘာလတွင် ဧရာဝတီတိုင်း၊ ရန်ကုန် တိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း၊ မကွေးတိုင်း မြောက်ပိုင်း၊ ချင်းပြည်နယ် တောင်ပိုင်း၊ ရခိုင်ပြည် နယ်မြောက်ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် အလယ်ပိုင်း၊ ရှမ်း ပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်္တလေးတိုင်း အလယ်ပိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် အောက်ပိုင်းတို့ တွင် မိုးရေချိန် ၁ဒသမ၄ လက်မ (၃၅ မမ ) အထက် မိုးရေချိန် ကျော်လွန်ပြီး ရွာသွန်းသည်။
မိုးရွာသွန်းမှုများကြောင့် ရန်ကုန်၊ မအူပင်၊ သာယာဝတီ၊ ပဲခူး၊ ညောင်ဦး၊ ရေး၊ သထုံ၊ ဘားအံ၊ မော်လမြိုင်၊ ပုဂံမြို့နယ် များတွင် ရေဖုံးလွှမ်းမှုများ ကြံုတွေ့ရနိုင်ကြောင်း နာဆာမှ ထုတ်ပြန်ထားသည်။
ပြီးခဲ့သောလများအတွင်း မိုသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဧရာဝတီတိုင်းအတွင်း လယ်ဧကများ ပျက်စီး ဆုံးရှုံးမှုများရှိခဲ့ပြီး ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်အတွင်းရှိ ကားလမ်းများ ပျက်စီးမှုများဖြစ်ပွား ခဲ့သည်။