မြန်မာနိုင်ငံရှိ ရဲဝန်ထမ်းများအား ပြုပြင်ပြောင်းလဲရေးလုပ်ရာတွင် UNODC ကူညီမည်

မြန်မာနိုင်ငံရှိ ရဲဝန်ထမ်းများအား ပြုပြင်ပြောင်းလဲရေးလုပ်ရာတွင် UNODC ကူညီမည်
by -
မဇ္စျိမ

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား အမျိုးသားရဲအမှုထမ်းအဖြစ် အသွင်းပြောင်းရန် စီစဉ်နေပြီး ထိုသို့ပြုပြင်ပြောင်းလဲရေး လုပ်ရာတွင် လိုအပ်သောနည်းပညာပိုင်းနှင့် နိုင်ငံတကာ စံချိန်စံနှုန်းနှင့်သက်ဆိုင်သော အကူအညီများကို ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး- UNODC ကကူညီပေးမည်ဖြစ်ကြောင်း UNODC ၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ ဂျေဆန်အီလိုင်းက မဇ္ဈိမကိုပြောသည်။

“တစ်ခုကတော့ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ အခွင့်အရေးအခြေခံဥပဒေတွေကို လက်တွေ့ဆောင်ရွက်တဲ့ လုပ်ထုံးလုပ်နည်းတွေပေါ်မှာ အလေးပေးဆောင်ရွက်သွားမှာပါ” ဟု ဂျေဆန်အီလိုင်းကပြောသည်။

မြန်မာနိုင်ငံက ရဲတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ရဲဝန်ထမ်းများအဖြစ်မှ အမျိုးသားရဲအမှုထမ်း (National Police Service) အဖြစ် အသွင်ကူးပြောင်းကာ ပြည်သူတွေရဲ့ ယုံကြည်မှုကိုရရှိတဲ့  ရဲအမှုထမ်းများအဖြစ်ပြောင်း လဲမှာဖြစ်ပြီးပြည်သူ့ရဲ များ၏ ၀န်ဆောင်မှုကဏ္ဍ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်က စတင်ခဲ့ပြီးဖြစ်ကြောင်း ၎င်းကဆက်လက် ပြောသည်။

“ကျွန်တော်အထင်တော့ အကယ်၍သာ ကျွန်တော်တို့က လက်တွေ့ကျတယ်ဆိုရင် အသွင်ပြောင်းလဲရေး လုပ်ငန်းစဉ် က နှစ်တွေအများကြီးကြာတယ်ဆိုတာ ကြည့်သင့်ပါတယ်” ဟု ဂျေဆန်အီလိုင်းကပြောသည်။ “အချိန်တွေ အများကြီးကြာပြီးတဲ့နောက်မှာ မြန်မာနိုင်ငံက ပြောင်းလဲနေတဲ့ကမ္ဘာနဲ့ ပြန်လည်ပူးပေါင်းဖို့ တဖြည်းဖြည်းချင်း ဆောင်ရွက်နေ တာဆိုတော့ရဲဌာနအပါအဝင် အစိုးရအဖွဲ့အစည်းတွေကို ပြုပြင်ဖို့လိုတာပေါ့” ဟုပြောသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ စီမံခန့်ခွဲမှု၊ ပဋိပက္ခများကို ဖြေရှင်းနိုင်မှုတို့တွင် အရည်အသွေးများစွာ နိမ့်ကျနေပြီး လေ့ကျင့်မှုအရည်အသွေးနှင့် သင်တန်းများလိုအပ်နေပြီဖြစ်ကြောင်း အငြိမ်းစားရဲမှူးများက ထောက်ပြမှုများရှိခဲ့သည်။

အငြိမ်းစား ရဲမှူးကြီး ဦးရာလျန်မုန်းက “ပြဿနာတွေကို မြန်မြန်ဆန်ဆန်နဲ့ အကောင်းဆုံး ဖြေရှင်းနိုင်ဖို့ အရည် အချင်းနဲ့ အရည်အသွေးလည်းလိုတယ်။ အဲလိုလုပ်ဖို့ လုပ်ကိုင်ခွင့်လည်းလိုတယ်။ အဲတော့ဒီမှာလည်း သင်တန်းတွေ အများကြီးလိုတယ်။ နိုင်ငံခြားထိသွားတက်ဖို့လည်း လိုအပ်တယ်။ အင်အားလည်း အများကြီးလိုအပ်တယ်။ ကျွမ်းကျင်မှု၊ နိုင်ငံတကာစံနှုန်းတွေ၊ ဥပဒေတွေလိုတာပေါ့” ဟုပြောသည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံမှရဲဝန်ထမ်းများအတွက် စွမ်းရည်မြင့်မားမှု လိုအပ်နေခြင်းအပြင်အခွင့်အရေး၊ အခွင့်အလမ်း၊ လစာနှုန်းထားနှင့် လိုအပ်သော အသုံးအဆောင်ပစ္စည်းရရှိမှုလည်း  အားနည်းနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရဲဝန်ထမ်းများအား စွမ်းရည်မြှင့်သင်တန်းများပေးရန်နှင့် မြန်မာနိုင်ငံရှိ ရဲဝန်ထမ်းများအား ပြုပြင်ပြောင်းလဲမှုများ လုပ်မည့်အကြောင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ (နေပြည်တော်) မှ ရဲမှူးချုပ်ဦးဝင်းခေါင်အားမေးမြန်းရန် မဇ္ဈိမက စက်တင်ဘာလ ၁၀ ရက်မှ ယနေ့အထိ အကြိမ်ကြိမ်ဆက်သွယ်သော်လည်း အစည်းအဝေး တက်ရောက်နေခြင်း ကြောင့် ပြန်လည်ဖြေကြားနိုင်ခြင်းမရှိခဲ့ပေ။

စွမ်းရည်မြှင့်သင်တန်းများနှင့်ပတ်သက်၍ သြဂုတ်လ ၂၅ ရက်က အောက်လွှတ်တော် အမတ် ဒေါ်လဲ့လဲ့ဝင်းဆွေ၏ မေးခွန်းအား ပြည်ထဲရေးဒု-၀န်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့သည်။

၂၀၁၃၊ ၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းသင်တန်း ၂၄ မျိုးတွင် သင်တန်းသား ၁၇၅၂ ဦး တက်ရောက်ခဲ့ပြီး တက်ရောက်ဆဲ သင်တန်းသား ၂၇၈၇ ဦးတို့ရှိနေသည်ဟု ရဲချုပ်ကျော်ကျော်ထွန်းက ဖြေကြားသွားသည်။

ပြည်ပသင်တန်းများအတွက်မူ အမေရိကန်၊ တရုတ်၊ အိန်္ဒိယ၊ မလေးရှားတို့သို့ သင်တန်းသား ၅၂ ဦးစေလွှတ် သင်ကြား ပြီးဖြစ်သည်ဟုဆိုသည်။ အလားတူ ပြည်ပသင်တန်းခုနစ်ခုသို့လည်း သင်တန်းသား ၁၁ ဦး စေလွှတ် သင်ကြားနိုင်ရန် စီစဉ်လျက်ရှိသည်ဟုလည်း ဖြေကြားသွားသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ရဲဝန်ထမ်းများ၏စွမ်းရည်၊ အရည်အသွေးနှင့်ပတ်သက်၍ ဝေဖန်မှုများရှိနေပြီး မတ်လ အတွင်းက ထုတ်ပြန်သည့် လက်ပံတောင်းတောင် စီမံကိန်းစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင် ခံစာတွင်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ အရည်အသွေးနှင့် ပတ်သက်၍ ထောက်ပြပြောဆို ထားပြီး ပြုပြင်ပြောင်းလဲမှုများနှင့် လေ့ကျင့်သင်ကြားမှုများ ပြုလုပ်သင့်နေပြီဟု ရေးသားထားသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ လက်ထောက်ဝန်ကြီး Mr William R. Brownfield က တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အမေရိကန်မှ သင်တန်းများပေးရန်ရှိကြောင်း စက်တင်ဘာလ ရ ရက်က ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန် သံရုံးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။