ပိုက်လိုုင်းစီမံကိန်း ဆန္ဒပြခေါင်းဆောင်ဆယ်ဦးကို အမိန့်ချမည့်နေ့တွင် မြို့ခံများဆန္ဒပြမည်

ပိုက်လိုုင်းစီမံကိန်း ဆန္ဒပြခေါင်းဆောင်ဆယ်ဦးကို အမိန့်ချမည့်နေ့တွင် မြို့ခံများဆန္ဒပြမည်
by -
မဇ္စျိမ

မြန်မာ-တရုတ်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းနှင့် ပတ်သက်၍ CNPC ကုမ္ပဏီကို ဆန္ဒပြသည့် ခေါင်းဆောင် ၁၀ ဦးကို အမိန့်ချမှတ်မည့်နေ့တွင် ဒေသခံများက ဆန္ဒထုတ်ဖော်မည်ဟု ကျောက်ဖြူလူမှုကွန်ရက်မှ ဦး ထွန်းလွင်က စက်တင်ဘာ ၁၀ ရက်တွင် မဇ္စျိမကိုပြောသည်။

ထိုသို့ ဆန္ဒထုတ်ဖော်ရာတွင် ကျောက်ဖြူမြို့ မဒေးကျွန်းကျေးရွာအုပ်စုနှင့် ကျေးရွာပေါင်း ၂၃ ရွာပါ၀င် မည်ဟု ဒေသခံများကဆိုသည်။

အဆိုပါ ဆန္ဒပြခေါင်းဆောင် ၁၀ ဦးမှာ ရခိုင်ပြည်နယ်ကျောက်ဖြူမှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသော ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းနှင့်ပတ်သက်ပြီး ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် ဆန္ဒထုတ်ဖော်ခဲ့သူများဖြစ်ပြီး ၎င်းတို့ကိုပုဒ်မ ၁၈ ဖြင့်တရားစွဲဆို ထားခြင်းဖြစ်သည်။

အဆိုပါ ဆန္ဒပြခေါင်းဆောင်များကို စက်တင်ဘာ ၁၂ ရက်တွင် အမိန့်ချမည်ဖြစ်ရာ ထိုနေ့တွင်ဒေသခံများက ကျောက်ဖြူ မြို့နယ် တရားရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ရန် ပြင်ဆင်ထားသည်ဟုလည်း ဦးထွန်းလွင်က ပြောသည်။

ဆန္ဒထုတ်ဖော်မှုတွင်ပါ၀င်မည့် မဒဲကျွန်းကျေးရွာမှ ဦးစံလှရွှေက “ဆန္ဒပြတုန်းက သူတို့ပဲခေါင်းဆောင်ခဲ့တာ မဟုတ် ဘူး။ တစ်မြို့လုံးက တစ်ညီတစ်ညွှတ်တည်းပြကြတာ။ ခေါင်းဆောင်တွေ ပါဆိုပြီး ဒီလိုလုပ်တာ တစ်မြို့နယ်လုံး မကျေနပ်ကြဘူး” ဟုပြောသည်။

ထိုသို့ စီစဉ်နေကြခြင်းမှာ ပြီးခဲ့သော စက်တင်ဘာ ၅ ရက်က ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံရသော ဘင်္ဂါလီအရေး ဆန္ဒပြသည့် ခေါင်းဆောင်လေးဦးကို ထောင်သုံးလစီ ချမှတ်လိုက်သောကြောင့် အထက်ပါ ဆယ်ဦးလည်း
ထောင်ကျမည်စိုးရိမ်၍ စီစဉ်ခြင်းဖြစ်သည်ဟု ဦးစံလှရွှေကဆိုသည်။

ကျောက်ဖြူ-တရုတ်သို့ သွယ်တန်းထားသော သဘာဝဓာတ်ငွေ့ စီမံကိန်းနှင့်ပတ်သက်ပြီး ဧပြီ ၁၈ ရက်က ဆန ္ဒထုတ်ဖော်သည့် ဒေသခံများက ကျောက်ဖြူမြို့နယ်နှင့် မဒေးကျွန်းဒေသတွင် လျပ်စစ်မီးရရှိရေး အပါအဝင်၊
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ထိုသို့ တောင်းဆိုခဲ့စဉ် က ဒေသခံ ငါးရာကျော်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ရခိုင်ပြည်နယ်တွင် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံရသူ ၂၇ ဦးရှိပြီး လေးဦးကို စက်တင်ဘာ ၅ ရက်က ထောင် သုံးလစီ ချမှတ်ပြီးဖြစ်သည်။ ယင်း၂၇ ဦးမှာ စစ်တွေ၊ ကျောက်တော်၊ ရသေ့တောင်၊ တောင်ကုတ်နှင့် ကျောက်ဖြူ မြို့များမှ ဖြစ်သည်။

“ကျွန်တော်တို့က တရားဥပဒေစိုးမိုးရေးအတွက် အဓိကဆောင်ရွက်ပါတယ်” ဟု ယင်းအမှုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက မဇ္စျိမကိုပြောသည်။

ရခိုင်ပြည်နယ်တွင် ကျောက်ဖြူ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ အကျိုးခံစားခွင့် ရရှိရေးအတွက် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ကဦးဆောင်၍ ရခိုင်ပြည်သူတို့၏ သဘောထား လက်မှတ်များ
ကောက်ခံပြီး ရခိုင်တစ်ပြည်နယ်လုံး အကျိုးခံစားခွင့်ရရှိရေး ဆောင်ရွက်လျက်ရှိသည်။

ဇူလိုင် ၂၈ ရက်က သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို တရားဝင်ဖွင့်လှစ်ခဲ့ပြီး တရုတ်နိုင်ငံသို့ စတင်ပို့လွှတ်လျက် ရှိသည်။ အဆိုပါ ပိုက်လိုင်းမှ မြန်မာပြည်အတွက် တစ်ရက်လျင် ဓာတ်ငွေ့ကုဗပေသန်းတစ်ရာ ရရှိမည်ဖြစ်ပြီး ကျောက််ဖြူအတွက် သန်းနှစ်ဆယ်ခွဲ တမ်းချပေးမည်ဟု အစိုးရကထုတ်ပြန်ကြေညာထား သည်။

ယင်းပိုက်လိုင်းမှ ရရှိသောဓာတ်ငွေ့ဖြင့် စက်တင်ဘာ ၁၅ ရက်မှ စတင်ကာ ကျောက်ဖြူတွင် အစိုးရက လျှပ်စစ်မီး စတင်ဖြန့်ဖြူး ပေးမည်ဖြစ်သည်။