သမ္မတဦးသိန်းစိန် အစိုးရသက်တမ်းထက် ၀က်ကျော်ကာလတွင် ကျားဖြူပါတီခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ နမ့်ခမ်းမဲဆန္ဒနယ် အောက်လွှတ်တော်အမတ် ဒေါက်တာစိုင်းကျော်အုန်းကို ဟိုတယ် /ခရီး ဒု-၀န်ကြီးအဖြစ် ခန့်အပ်လိုက်ပြီဖြစ်သည်။
သမ္မတရုံးက စက်တင်ဘာ ၉ ရက်ညတွင် ထိုသို့ခန့်အပ်ကြောင်း ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး ၎င်းနှင့်အတူ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနတွင် လစ်လပ်နေသော ဒုဝန်ကြီးနေရာအတွက် နေပြည်တော် ကောင်စီဝင် ဦးတင်ငွေကို ရာထူးပြောင်းလဲခန့်အပ်ခဲ့သည်။
နေပြည်တော်ကောင်စီတွင် ဦးတင်ငွေနေရာ၌ လစ်လပ်သွားသည့်အတွက် ထိုနေရာကို မန္တလေးတိုင်း အစိုးရအဖွဲ့မှ ဘဏ္ဍာ/ အခွန်ဝန်ကြီး ဦးဖုန်းဇော်ဟန်ကို တာဝန်ပေးအပ်ကြောင်းလည်း သမ္မတရုံးက တစ်ဆက်တည်းကြေညာ သည်။
ဒုဝန်ကြီးနှင့် နေပြည်တော်ကောင်စီများ ခန့်အပ်ခြင်း၊ ပြောင်းလဲခြင်းလုပ်သည်နှင့် တိုက်ဆိုင်စွာပင်သမ္မတ၏ နိုင်ငံရေးအကြံပေးအဖွဲ့နှင့် ဥပဒေအကြံပေးအဖွဲ့တို့တွင် အကြံပေးပုဂ်္ဂိုလ်တစ်ဦးစီ အင်အားထပ်မံဖြည့်တင်း လိုက်သည်။
သမ္မတဦးသိန်းစိန်၏ အစိုးရသက်တမ်း ထက်ဝက်အတွင်း ၀န်ကြီးများပြောင်းလဲခြင်း၊ နုတ်ထွက်ခြင်း၊ ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခြင်းတို့ကို အမြောက်အများပြုလုပ်ခဲ့ရာ အပြောင်းအလဲမရှိသည့်ဝန် ကြီးဌာနကိုးခုသာ ကျန်ရှိတော့သည်။
သမ္မတဦးသိန်းစိန်အစိုးရက ၀န်ကြီးအဆင့်ရာထူး အပြောင်းအလဲမလုပ်သေးသည့် ၀န်ကြီးဌာနများမှာ ပြည်ထဲရေး၊ နိုင်ငံခြားရေး၊ လယ်/ဆည်၊ သစ်တော၊ စီးပွား/ ကူးသန်း၊ ပို့ဆောင်ရေး၊ ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ဖြစ်သည်။
ယခုကဲ့သို့ အစိုးရ၏ထိပ်တန်းရာထူးများ ပြောင်းလဲမှုနှင့်ပတ်သက်၍ “တကယ့်အခြေအနေကိုပြောရရင် မူအသစ်ကို လူအဟောင်းတွေနဲ့ လုပ်တာမအောင်မြင်လို့ နောက်ထပ်လူအသစ်တွေပြောင်းဖို့ ကြိုးစားကြည့့် တယ်လို့ ထင်တာ ပဲဗျ။ လူပြောင်းရုံတင် မဟုတ်ဘူး။ အဲ့ဒီလူတွေကို mind set (စိတ်နေစိတ်ထား) တွေ ပြောင်းအောင် အများကြီး လုပ်ရဦးမယ်” ဟု အတိုက်အခံ NLD ပါတီ၏ အထက်လွှတ်တော်အမတ်ဦး အောင်ကြည်ညွန့်က သုံးသပ်သည်။
ယခုအစိုးရသက်တမ်းအတွင်း ၀န်ကြီးအရေအတွက် အများဆုံးခန့်အပ်၊ ပြောင်းလဲတာဝန်ပေးမှုအဖြစ် ဇူလိုင် ၂၅ ရက်က ဆောင်ရွက်ခဲ့သေးသည်။ ထိုစဉ်က စွမ်းအင်၊ စက်မှုနှင့် နယ်စပ်ရေးရာဌာနတို့မှ ၀န်ကြီးများနှင့် ကျန်းမာရေး၊ ပညာရေး၊ ပြည်ထဲရေးစသည့် ဌာနများအတွက် ဒု-၀န်ကြီးများ ပြောင်းရွှေ့ခြင်း၊ အ သစ်ခန့်ခြင်းတို့ကို ဆောင်ရွက် ခဲ့သည်။
ပြီးခဲ့သည့် သြဂုတ် ၁၃ ရက်က နိုင်ငံခြားရေး ၀န်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ အမျိုးသား စီမံကိန်းဝန်ကြီးဌာနတို့မှ ဒုဝန်ကြီးများ ပြောင်းလဲခန့်အပ်ခဲ့သလို၊ သြဂုတ် ၉ ရက်ကလည်း ရခိုင်ပြည်နယ် ၀န်ကြီးများ ကို ပြောင်းလဲတာဝန်ပေးခဲ့သေးသည်။ ထို့ပြင် သြဂုတ် ရ ရက်ကလည်း ပို့ဆောင်ရေးဝန်ကြီး နှင့် စွမ်းအင် ဒုဝန်ကြီးတို့ပြောင်းလဲခန့်အပ်ခဲ့ဖူးသည်။