NLD နှင့် တိုင်းရင်းသားပါတီများ ပူးပေါင်းကာ အခြေခံဥပဒေ ပြင်ရန် အစီရင်ခံစာ နိုဝင်ဘာလ ထုတ်ပြန်မည်

NLD နှင့် တိုင်းရင်းသားပါတီများ ပူးပေါင်းကာ အခြေခံဥပဒေ ပြင်ရန် အစီရင်ခံစာ နိုဝင်ဘာလ ထုတ်ပြန်မည်
by -
မဇ္စျိမ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နှင့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA)တို့ ပူးပေါင်းကာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်သည့် အစီရင်ခံစာကို နိုဝင်ဘာလတွင် ထုတ်ပြန်သွားမည်ဟု ယနေ့ကျင်းပသော တိုင်းရင်းသားပါတီများ တွေ့ဆုံပွဲအပြီး ထုတ်ပြန်လိုက်သည်။

constitutional-law-meeting-3

အမျိုးသား ရင်ကြားစေ့ရေး၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဦးတည်သည့် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် နှင့် တိုင်းရင်းသားပါတီများ အစည်းအဝေးကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ရ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို ့ရွှေဂုံတိုင်ရှိ NLD အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်ရာ အမျိုူးသားဒီမိုကရေစီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် တက်ရောက်လာစဉ်။ (ဓာတ်ပုံ- ဘိုဘို မဇ္စျိမ)

တိုင်းရင်းသားပါတီ ၁၃ ခုအား ဖိတ်ကြားခဲ့ပြီး၊ NLD ပါတီ အပါအဝင် ပါတီ(၇) ခု တက်ရောက်ဆွေးနွေးခဲ့သည်။  
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ယခုကဲ့သို ့တွေ့ဆုံဆွေးနွေးမှုကို စနေနေ့တိုင်းပြုလုပ်မည်ဖြစ်ပြီး နိုဝင်ဘာလတွင် အစီရင်ခံစာထုတ်ပြန်မည် ဖြစ်သည်။

"နိုဝင်ဘာလမှာ အစီရင်ခံစာ တစ်စောင်ထုတ်ပြီး လွှတ်တော်တွေကိုရော ပြည်သူတွေကိုပါ ချပြမှာပါ။ ဥပဒေကြမ်းအသစ်တစ်ခု ဖြစ်လာမလား နဂိုဥပဒေကို ပြင်ဆင်တာပဲ ရှိမလားဆိုတာကိုတော့ အခုချိန်မှာ ပြောလို့မရသေးပါဘူး"

ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ဥပဒေပြင်ဆင်ရေးအတွက် အပတ်စဉ် စနေနေ့တိုင်း NLD နှင့် UNAတို့ တွေ့ဆုံကာ ပြင်ဆင်ချက်များ ဆွေးနွေးကြမည်ဟုလည်း တက်ရောက်လာသော တိုင်းရင်းသားပါတီများက ဆိုသည်။

UNA အဖွဲ့ဝင်ပါတီတစ်ခုဖြစ်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က "ဘာတွေပြင်မှာလဲ၊ ဘယ်လိုပြင်မှာလဲဆိုတာ နောက်အပတ်တွေမှာ အကျယ်တဝင့် ဆွေးနွေးရမယ်။ အခုကတော့ ဒီပါတီတွေအားလုံး ပေါင်းပြီးပြင်ဆင်မယ့် ကိစ္စကို အရင်ဆုံး သဘောတူညီမှု ရယူတာပေါ့"ဟုပြောသည်။

UNA သည် ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲရန် ပြည်ပအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ပါဝင်သည့် UNFCအဖွဲ့နှင့် ပူးပေါင်းကာ ကော်မတီတစ်ရပ်ကို ယခင်လနှောင်းပိုင်းကမှ ဖွဲ့စည်းခဲ့သေးသည်။ ထိုကော်မတီမှလည်း အသစ်ရေးဆွဲသည့် အချက်များကို သုံးလအတွင်း ပြည်သူကို ချပြသွားမည်ဟု UNFC တွဲဖက်အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္ဈိမကို ပြောခဲ့ဖူးသည်။

"အသစ်ရေးဆွဲဖို့ UNFC နဲ့ သဘောတူထားတဲ့ ကိစ္စကိုလည်း ဒီမှာတင်ပြဆွေးနွေးမယ်။ တိုင်းရင်းသားတွေက

ပြင်တာထက် အသစ်ရေးဆွဲတာကို ပိုဖြစ်စေချင်ကြတယ်ပါတယ်”ဟု ဦးအေးသာအောင်က ဆက်ပြောသည်။

UNAအဖွဲ့ဝင် ပါတီတစ်ခုဖြစ်သော ဇိုမီးအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ပူးခမ်းလျန်ကလည်း "တိုင်းရင်းသားတွေအတွက် တကယ်မျှတတဲ့ ဖွဲ့စည်းပုံ ဖြစ်လာဖို့ဆိုရင် တိုင်းရင်းသားအားလုံး တစ်သားတည်းဖြစ်တဲ့ ငြိမ်းချမ်းရေးရဖို့က အဓိက လိုအပ်တယ်။ ဒါမှ တိုင်းရင်းသားအားလုံးရဲ့ သဘောဆန္ဒပါတဲ့ ဖွဲ့စည်းပုံဖြစ်မှာပေါ့"ဟု ပြောသည်။

ယနေ့ပြုလုပ်သော အစည်းဝေးသို့ တိုင်းရင်းသားပါတီ ၁၃ခုကို ဖိတ်ကြားခဲ့သော်လည်း  ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် စသော ပါတီငါးခုသာတက်ရောက်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေဖြင့်လည်း အဖွဲ့ဝင် ရဦးပါသော ဖွဲ့စည်းပုံ အခြေခံဥပဒေ

ပြင်ဆင်ရေး ကော်မတီ တစ်ခုကိုလည်း စက်တင်ဘာလ ၆ ရက်က ဖွဲ့စည်းလိုက်သည်။